Skip to main content

ဒုတိယဝန်ကြီး ဦးကိုကိုကျော် တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၄

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Olandino Ruide Andrade အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံက တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့် ကောင်းမွန်သောဆက်ဆံရေး ထူထောင်လိုပါကြောင်း၊ တီမောလက်စ်တေနိုင်ငံမှ အာဆီယံသို့အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အားပေးထောက်ခံမှုကိုရရှိလိုပါကြောင်း၊ တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ် စာတမ်းပါပြဋ္ဌာန်းချက်များအားလုံးကို လေးစားလိုက်နာသွားမည်ဖြစ်ပါကြောင်း ထပ်လောင်းအတည်ပြုပြောကြားသည်။ ထို့ပြင် တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံက မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန်အတွက် ၎င်းတို့အနေဖြင့် ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တီမောလက်စ်တေနိုင်ငံ၏ မြို့တော်ဒီလီ၌ သံရုံးလာရောက် ဖွင့်လှစ်စေလိုပါကြောင်း မေတ္တာရပ်ခံပြောကြားသည်။

ဒုတိယဝန်ကြီးက တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်ဆန္ဒရှိမှုကိုသိရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ တီမောလက်စ်တေ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရန်ဆန္ဒရှိသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံသည် မိမိတို့၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ အာဆီယံအသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းများနှင့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများကို တက်ကြွစွာလိုက်ပါဆောင်ရွက်လျက်ရှိပါကြောင်း၊ တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အာဆီယံပဋိညာဉ်နှင့်အညီ ဖြစ်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် လိုအပ်ပါကြောင်း၊ မကြာမီကကျင်းပပြုလုပ်ခဲ့သည့် (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တီမောလက်စ်တေ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ကြရာတွင်လည်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်အတွက် အပြုသဘောဆောင် ဆွေးနွေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။

သတင်းစဉ်