“မျိုးစေ့မမှန် အပင်မသန်” စကားပုံရှိသည်။ မျိုးစေ့မှန်မှ အပင်သန်မည်ဖြစ်သည်။ မျိုးကောင်းမျိုးစေ့မဟုတ်သော မျိုးစေ့မှပေါက်လာသည့်အပင်သည် သန်သန်စွမ်းစွမ်း ဝေဝေဆာဆာမရှိသလို မျိုးကောင်းမျိုးစေ့မှ ကြီးထွားရှင်သန်လာသောအပင်သည် မျိုးစေ့မှန်သဖြင့် အပင်လည်းသန် အဖူးအငုံအသီးအပွင့်များလည်းလှပပြီး ဈေးကွက်ကောင်းကိုရရှိကာ စိုက်ပျိုးထုတ်လုပ်သူတောင်သူများအဖို့ စီးပွားတွက်ခြေကိုက် မည်ဖြစ်သည်။ မျိုးစေ့ဟူသည် အပင်အညှောက်ပေါက်တော့မည့် အစေ့အဆန်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည်။ မိရိုးဖလာ စိုက်ပျိုးကြသည့် မြန်မာတောင်သူများသည် ဆန်စပါးစိုက်ပျိုးခြင်းမှအစ စားရေရိက္ခာအသီးအနှံအမျိုးမျိုး စိုက်ပျိုးကြသည့်အခါတွင် သီးနှံအမျိုးအစားအလိုက် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးကြသည်။ အပင်မှဖြစ်လာသည့် အသီးဖြစ်တိုင်း အစေ့မှမျိုးဖြစ်မလာပေ။ အစေ့များအနက် မျိုးစေ့ဖြစ်နိုင်သည့် အင်္ဂါအရပ်ရပ်ပြည့်စုံမှသာ ပင်လောင်းဖြစ်နိုင်သည်။ ပင်လောင်းဖြစ်ပြန်လျှင်လည်း မျိုးစေ့မှန်မှသာ ရှင်သန်ကြီးထွားဖွံ့ဖြိုးသည်။ တောင်သူတို့အဖို့ မြေမကောင်းလျှင် ပြုပြင်နိုင်သည်။ ရာသီမကောင်းလျှင် တစ်နှစ်ထိခိုက်သည်။ မျိုးမကောင်းလျှင် နှစ်ပေါင်းများစွာ အကျိုးစီးပွားထိခိုက်သဖြင့် မျိုးကောင်းမျိုးသန့် သုတေသနပြုခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်လာကြသည်။
မြန်မာနိုင်ငံတွင် မျိုးစေ့ကဏ္ဍနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် မိရိုးဖလာ နည်းလမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ကြသလို ခေတ်မီနည်းစနစ်တကျ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးရေးဌာနက သုတေသနပြုလုပ်ခြင်း၊ အလုပ်ရုံဆွေးနွေးခြင်း၊ သုတေသနစာတမ်းဖတ်ကြားခြင်း၊ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ စမ်းသပ်ခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ မျိုးစေ့ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍမှ မျိုးစေ့ပညာရှင်များ ပူးပေါင်းဆောင်ရွက်ပြီး စိုက်ပျိုးသူတောင်သူများအား ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ မျိုးစေ့မှန်ရှင်သန်ဖွံ့ဖြိုးမှသာ တောင်သူများ ဈေးကွက်မျက်နှာပန်းလှပြီး စီးပွားရေးကောင်းမွန်ကာ နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။
တင်ရွက်ခြင်းသည် မြန်မာ့မျိုးစေ့သုတေသနပြု အလုပ်ရုံဆွေးနွေးပွဲများဆောင်ရွက်ခြင်းသည် မြန်မာ့မျိုးစေ့ကဏ္ဍ၏ လက်ရှိအခြေအနေကို နားလည်သဘောပေါက်ရန်နှင့် အဓိကစိန်ခေါ်မှုများကို ဖော်ထုတ်နိုင်ရန်၊ မျိုးစေ့ထုတ်လုပ်မှု၊ အရည်အသွေးထိန်းချုပ်မှုနှင့် ဖြန့်ဖြူးမှုဆိုင်ရာ သုံးသပ်ချက်များကို သိရှိစေရန်၊ အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မျှဝေတာဝန်ယူခြင်းအားဖြင့် သီးနှံများအထွက် တိုးရေးကိုအထောက်အကူဖြစ်စေရန်၊မျိုးစေ့ကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသည့်မူဝါဒနှင့် အကြံပြုချက်များချမှတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေကြခြင်းဖြစ်သည်။
မျိုးစေ့ထုတ်လုပ်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသောလုပ်ငန်း တစ်ရပ်ဖြစ်သည်။ အနာဂတ်ကာလတွင် မျိုးစေ့ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးစေ့ထုတ်လုပ်တင်ပို့သည့်နိုင်ငံအဖြစ် ပေါ်ထွန်းလာစေရန် လိုအပ်သောပြင်ဆင်မှု၊ ဖြေလျှော့မှု၊ ပံ့ပိုးကူညီမှုများဖန်တီးပေးခြင်း၊ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ တောင်သူများအနေဖြင့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး ဒေသအလိုက်အောင်မြင်ဖြစ်ထွန်းမှုရှိသော အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းကြရန်လိုသည်။
ခိုင်မာသောမျိုးစေ့ဟူသည် အရည်အသွေးပြည့်မီသော မျိုးစေ့များကို လိုအပ်သောအချိန်၊ လိုအပ်သောနေရာတွင် လိုအပ်သလောက်ကို တောင်သူများနှင့် စိုက်ပျိုး ၁အခါန်၊ လိုအပ်သောနေရာတွင် လိုအပ်သလောက်ကိုတောင် ထုတ်လုပ်သူများ ရရှိအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်။ လက်ရှိတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် မျိုးစေ့ကို ပြည်တွင်း၌ထုတ်လုပ်ခြင်းနှင့် ပြည်ပမှတင်သွင်းခြင်းဖြင့် ဆောင်ရွက်နေသော်လည်း ရေရှည်တွင် သီးနှံမျိုးစုံစိုက်ပျိုးရေးအတွက် လိုအပ်သောမျိုးစေ့များကို မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသော ရေ၊ မြေ၊ ရာသီဥတုအနေအထားအရ မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ပြီး ပြည်တွင်းမျိုးစေ့လိုအပ်ချက်ကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေးအပြင် ကြီးမားလာသော ကမ္ဘာ့မျိုးစေ့ဈေးကွက်ရှိ ဒေသတွင်းနိုင်ငံများ၏ ဈေးကွက်ကို မျှဝေရယူနိုင်ရန်အတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ အရည်အသွေးပြည့်ဝသည့် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တောင်သူများနှင့် မျိုးစေ့ထုတ်လုပ်ငန်း စဉ်တွင်ပါဝင်ပတ်သက်သူများသာမက နိုင်ငံတော်အတွက်ပါ အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း။