Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့၌ ကျင်းပသည့် 20th Asia Media Summit သို့ တက်ရောက်

ဆီယမ်ရိ ဇူလိုင် ၂၃

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့ Sokha Siem Reap Resort & Convention Center ၌ ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက 20th Asia Media Summit ၏ အကြိုဆွေးနွေးပွဲဖြစ်သည့် Youth Digital Empowerment Workshop and Girls in ICT Day Cambodia 2025 ကို ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Neth Pheaktra နှင့် တာဝန်ရှိသူများ၊ ဆီယမ်ရိပြည်နယ်အစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များ၊ အာရှပစိဖိတ်နိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ Asia Institute for Broadcasting Development (AIBD) နှင့် International Telecommunication Union (ITU) တို့မှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မီဒီယာကိုယ်စားလှယ်များနှင့် ကမ္ဘောဒီးယားနိုင်ငံ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ထိုနေ့တွင် Pre-workshop များကို Section များခွဲ၍ ကျင်းပရာ “Transforming Media Content Creation Through AI Powered Tools Technologies” ၊ “Role of Broadcasting in Effective Early Warning System” ၊ “The Role of Information Diplomacy in Dispelling Disinformation” ၊ “Technology Driving Accessibility for the Future Broadcast and Media” ခေါင်းစဉ်များဖြင့် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲများသို့ မြန်မာကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

ယမန်နေ့နံနက်ပိုင်းက 20th Asia Media Summit ဖွင့်ပွဲအခမ်းအနားကို Sokha Siem Reap Resort and Convention Center ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ကမ္ဘောဒီးယားဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး (ရုပ်မြင်) ဒေါ်မိုးသူဇာအောင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တက်‌ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် AIBD မှ တာဝန်ရှိသူတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Neth Pheaktra အား တွေ့ဆုံနှုတ်ဆက်ပြီး အမှတ်တရလက်ဆောင်ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် Disinformation: The Role of Media & the Government, Enabling Accessibility in Broadcasting, Inspiring Voices from Across the World နှင့် Information as a Public Good: Upholding Credibility and Empowering Democracy ခေါင်းစဉ်များဖြင့် ကျင်းပသည့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။

ညပိုင်းတွင် AIBD Gala Dinner & Awarding Ceremony 2025 သို့ တက်ရောက်ပြီး အဆိုပါဆုချီးမြှင့်ပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လုပ်သည့် “Turning Trash into Better Tomorrow” Program ဖြင့် AIBD ၏ Sustainability & Green Technology Award of E-Waste Solutions ဆုကို ပေးအပ်ချီးမြှင့်ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင်က လက်ခံရယူသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းတို့သည် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Neth Pheaktra အား တွေ့ဆုံ၍ နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု နှစ် (၇၀) ပြည့်မြောက်ခဲ့ပြီးဖြစ်သည်နှင့်အညီ အနာဂတ်ကာလတွင်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ရေး၊ နှစ်နိုင်ငံမီဒီယာကဏ္ဍတွင် တွေ့ကြုံနေရသည့် သတင်းတု သတင်းမှားများနှင့် အခက်အခဲများအား ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံညှိနှိုင်းအတည်ပြုထားပြီးဖြစ်သည့် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရေးတို့ကို ဆွေးနွေးပြီး အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကာ မွန်းလွဲပိုင်းတွင် ပြုလုပ်သောဆွေးနွေးပွဲများသို့ ဆက်လက်တက်ရောက်ခဲ့ကြသည်။

20th Asia Media Summit 2025 ကို ကမ္ဘောဒီယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် AIBD တို့ ပူးပေါင်း၍ “Celebrating Two Decades of Excellence & Beyond” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲများသို့ အာရှပစိဖိတ်နိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့အစည်းများနှင့် မီဒီယာပညာရှင်များ၊ ကျောင်းသား ကျောင်းသူ လူငယ်များ ၄၀၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်