Skip to main content

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် MDY - PDF အဖွဲ့ဝင် ၉ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

နေပြည်တော် ဇူလိုင် ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်အထိ TNLA အဖွဲ့ဝင် ၄ ဦး ၊ DPLA အဖွဲ့ဝင် ၄၁ ဦး နှင့် MDY - PDF အဖွဲ့ဝင် ၁၅ ဦး၊ စုစုပေါင်း ၆၀ ဦးတို့သည် လက်နက်မျိုးစုံ ၁၃ လက်၊ ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။

ယနေ့တွင်လည်း MDY-PDF အဖွဲ့မှ အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၉ ဦးတို့သည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နီးစပ်ရာတပ်မတော်စခန်းများမှတဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့ကို တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး မိဘအုပ်ထိန်းသူများထံကို ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြားချက်များအရ ၎င်းတို့သည် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်သူများဖြစ်ပြီး အကြမ်းဖက်သမားများ ရောက်ရှိလာကာ ၎င်းတို့အဖွဲ့ထဲ မဝင်ရောက်ပါက မိဘဆွေများများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းကို ခံခဲ့ရကြောင်း၊ ထို့ပြင် အကြမ်းဖက်သမားများသည် ငွေရေးကြေးရေးအခက်အခဲများကြောင့် စားသောက်နေထိုင်ရာတွင် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် ပင်ပင်ပန်းပန်း နေထိုင်ခဲ့ရကြောင်း၊ ယင်းအပြင် ၎င်းတို့အဖွဲ့အတွင်း၌ လက်နက်အားကိုးဖြင့် အထက်အောက် အနိုင်ကျင့်ဗိုလ်ကျ လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်း၊ အဆင့်အတန်းခွဲခြား ဆက်ဆံခံရခြင်းများရှိကြောင်း၊ တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) များ ဆင်နွှဲမှုတွင် အကျအဆုံးများ များပြားလာခြင်းများကြောင့် စိတ်ဓာတ်များ ကျဆင်းလာခြင်း၊ မိသားစုများနှင့် နွေးနွေးထွေးထွေး ပြန်လည်နေထိုင်လိုပြီး တောထဲ၌ နေထိုင်လိုမှုမရှိခြင်း၊ ၎င်းတို့၏လုပ်ရပ်များသည် ပြည်သူလူထုအတွက် များစွာထိခိုက်နစ်သည်ကို သိရှိနားလည်သဘောပေါက်လာခြင်းကြောင့် ၎င်းတို့လုပ်ရပ်များကို စိတ်ပါဝင်စားမှုမရှိတော့ခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ၎င်းတို့အဖွဲ့အတွင်းမှ ပြန်လည်ထွက်ခွာလာကာ နီးစပ်ရာ တပ်မတော်စခန်းများမှတဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအလင်းဝင်ရောက်လာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

အမျိုးသား

အကြမ်းဖက် PDF အဖွဲ့အစည်းထဲကို ရောက်ရှိရတဲ့အကြောင်းရင်းကတော့ ကျွန်တော့်သူငယ်ချင်းက လုပ်ငန်းလုပ်ဖို့ဆိုပြီးတော့ မိုင်းတုံကို လိမ်ခေါ်တယ်။ ကျွန်တော်တို့ရောက်ရှိသွားတဲ့အချိန်မှာ ဒီအကြမ်းဖက် PDF သင်တန်းကို တက်ရမယ်လို့ ပြောပါတယ်။ ကျွန်တော်က မတက်ချင်တဲ့အတွက် သူတို့ကို သွားပြောတယ်။ သူတို့အထက်အရာရှိက မင်းမတက်ရင် မင်းတို့ကို သတ်ပစ်မယ်ဆိုပြီးတော့ ပြောတယ်။ ကျွန်တော့်သူငယ်ချင်းကလည်း မင်းဒီသင်တန်းကို မတက်ရင် သတ်ပစ်မယ်လို့ ပြောပါတယ်။ အမှန်တကယ်လည်း ဒီသင်တန်းကို မတက်ဘဲ ပြန်သွားတဲ့အဖွဲ့တွေကိုလည်း သူတို့သတ်ပစ်တာတွေကို မြင်ခဲ့ရပါတယ်။ အဲဒါကြောင့် ကျွန်တော် ဒီသင်တန်းကို ဆက်ပြီးတက်ခဲ့ရပါတယ်။ သင်တန်းကာလအတွင်းမှာလည်း အစားအသောက်ပိုင်းဆိုင်ရာမှာ ကျွန်တော်တို့ကို ကျွေးတဲ့ရက်ရှိသလို၊ မကျွေးတဲ့ရက်လည်း ရှိပါတယ်။ တစ်ခါတလေဆိုရင် ရှူးရှဲလက်ဖက်ထုပ်နဲ့ပဲ စားရတဲ့အခါရှိသလို ရေနဲ့ပဲစားရတဲ့အခါလည်း ရှိပါတယ်။ ခက်ခက်ခဲခဲ သင်တန်းတက်ရတယ်။ ကျွန်တော်တို့နဲ့ပါလာတဲ့ ညီမငယ်တွေ၊ အစ်မတွေကိုလည်း သူတို့ရဲ့ အထက်အရာရှိပိုင်းတွေအနားမှာ ခေါ်ထားပြီး မတော်မတရားတွေလုပ်တယ်။ အဓမ္မပြုကျင့်တယ်။ အဲဒါတွေကိုလည်း မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရတယ်။ မြင်ခဲ့ရပေမယ့်လည်း ကျွန်တော်တို့မှာ ပြန်ပြောပိုင်ခွင့်မရှိဘူး။ သူတို့မှာက သေနတ်တွေနဲ့ဆိုတော့ အမြင်မကြည်ရင်၊ သူတို့စိတ်ဆန္ဒအဆင်မပြေရင် ခေါ်ပြီးတော့သတ်တယ်။ ဒါတွေကို မြင်တွေ့ရတဲ့အခါမှာ စိတ်နာတယ်။ ကျွန်တော်တို့ကို သင်တန်းပြီးတော့ မတ္တရာဂွင်ဘက်ကိုပို့တော့ သင်တန်းဆင်းတာမှ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ရှေ့တန်းကို တန်းလွှတ်တယ်။ ရှေ့တန်းကို လွှတ်တော့လည်း လူအင်အားနည်းနည်းလေးနဲ့ ပစ္စည်းတွေလည်း စုံစုံလင်လင်မပေးဘူး။ သူတို့တွေကဆိုရင် အနောက်ကနေပဲ အမိန့်ပေးတယ်။ ရှေ့ကိုတစ်ယောက်မှ မလာဘူး။ ဒီအတွက်လည်း ကျွန်တော့်မှာ စိတ်ခံစားချက်ရှိတယ်။ ရှေ့ရောက်တော့လည်း တပ်မတော်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်။ လူအင်အား၊ လက်နက်အင်အားမမျှတဲ့အတွက် အနောက်ကို ပြန်ဆုတ်ဖို့ သူတို့ကိုပြောတယ်။ ပြောတဲ့အချိန်မှာလည်း သူတို့က မင်းတို့နောက်မဆုတ်ရဘူး။ နောက်ဆုတ်ရင် မင်းတို့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်တော်တို့ထဲကမှ ခိုးပြန်သွားတဲ့ကောင်တွေကို ကျွန်တော်တို့ ရှေ့မှာတင်သတ်ပစ်တယ်။ ကျွန်တော်တို့လည်း ကြောက်ပြီးတော့ တပ်မတော်ကို ခုခံရတယ်။ ကိုယ့်ကိုယ်ကိုယ် အသက်မသေအောင်ကာကွယ်ပြီးတော့ တပ်မတော်ထံ အလင်းဝင်ဖို့ သူငယ်ချင်းတွေစုပြီးတော့ တိုင်ပင်ကြတယ်။ သူတို့အွန်လိုင်းပေါ်မှာ တင်ထားတာက တပ်မတော်ထံက အလင်းဝင်ရောက်လာတဲ့သူဆိုရင် ဆုငွေပေးတယ်။ ကောင်းကောင်းမွန်မွန်ထားတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ တင်ထားတယ်။ ဒါတွေက တကယ်မဟုတ်ပါဘူး။ သူတို့လုပ်တာက တပ်မတော်ထံမှ အလင်းဝင်လာတဲ့သူတွေကို သတ်ပစ်တယ်။ သေနတ်တွေယူထားတယ်။ အဲဒီလိုမျိုးလုပ်တယ်။ ကျွန်တော်တို့ကိုလည်း ပြန်ပြောတယ်၊ တပ်မတော်ထံ အလင်းဝင်ရောက်တယ်ဆိုရင် ဒီလိုပဲသတ်ပစ်မယ်ဆိုပြီး ကျွန်တော်တို့ကိုပြောထားတယ်။ အဲဒီတော့ ကျွန်တော်တို့ တွေဝေသွားတယ်။ အရင်အလင်းဝင်သွားတဲ့ ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ ချိတ်ဆက်မိတဲ့အခါမှာ ဒီလိုဒီအကြောင်းပဲ မေးကြည့်တယ်။ သားကြီး အဲဒါမဟုတ်ဘူး၊ ဒီမှာအေးအေးဆေးဆေးပဲ နွေးနွေးထွေးထွေးပဲ ကြိုဆိုတယ်ဆိုပြီးတော့ ပြောတဲ့အချိန်မှာ ကျွန်တော်တို့ အလင်းဝင်ရောက်တယ်။ တကယ်လည်း ဟုတ်ပါတယ်။ အလင်းဝင်ရောက်တဲ့အချိန်မှာ နွေးနွေးထွေးထွေးကြိုဆိုတယ်။ ကိုယ့်မိဘထံကို အေးအေးဆေးဆေးပဲ ပြန်လိုက်အပ်ပေးတယ်။ အဲဒါအတွက်လည်း တပ်မတော်ကို ကျေးဇူးတင်တယ်။ ကျွန်တော် မတ္တရာဂွင်ဘက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အယ်ဖာပတ်ပတ်လည်ကကျေးရွာတွေမှာလည်း ပစ္စည်းတွေ၊ စားသောက်စရာတွေ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ အဓမ္မယူဆောင်၊ သုံးဆောင်ရတယ်။ အဲဒီပစ္စည်းတွေသုံးဆောင်ရတာလည်း တချို့ပစ္စည်းတွေဆိုရင် အထက်အရာရှိပိုင်းတွေကို ပြန်အပ်ရတယ်။ သူတို့က ဒီလိုဒီအကြောင်းပဲ ဒီအိမ်ကို ပိတ်လိုက်ပြီးရင် ချိတ်ပိတ်ဒလန်အိမ်ဆိုပြီး ကျွန်တော်တို့ကိုပြောတယ်။ ချိတ်ပိတ်ပြီးတော့ ပစ္စည်းတွေကို သူတို့ကိုအပ်ရတယ်။ အဲဒါတွေကို ရွံ့ရှာမုန်းတီးလာတယ်။ ရွံ့ရှာမုန်းတီးလာတဲ့အချိန်မှာ ကျွန်တော် တပ်မတော်ထံကို အလင်းဝင်ရောက်တယ်။ မိဘပြည်သူတွေကို ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ အကြမ်းဖက် PDF အဖွဲ့အစည်းထဲက ထွက်ရှိလိုက်တဲ့အတွက် နောက်နောင်ဒီလိုမဖြစ်စေရပါဘူးလို့လည်း ကတိပေးပါတယ်။ တောထဲမှ ညီအစ်ကိုမောင်နှမတွေကိုလည်း တပ်မတော်ထံ အလင်းဝင်ဖို့ ကျွန်တော် ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ဘက်က အကူအညီလိုအပ်ရင် ကူညီဖို့အသင့်ပါပဲ။

အမျိုးသမီး

ကျွန်တော် အကြမ်းဖက်အဖွဲ့အစည်းအတွင်းရောက်ရှိရတဲ့ အကြောင်းရင်းကတော့ ကျွန်တော့် သူငယ်ချင်းတွေရဲ့ လိမ်လည်ပြောဆိုမှုကြောင့် ရောက်သွားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်း PDF ထံ ရောက်တော့ ကျွန်တော် သင်တန်းမတက်ချင်ဘူးလို့ပြောတဲ့အခါမှာ သင်တန်းမတက်လို့မရဘူး၊ သင်တန်းတက်ရမယ်ပြောတဲ့အခါမှာ ကျွန်တော် အိမ်ပြန်ခွင့်တောင်းပါတယ်။ အိမ်ပြန်လို့မရဘူး၊ အိမ်ပြန်တဲ့ အခါကျရင် ဖမ်းရင်မိရင်သတ်ပစ်မယ်။ ဖမ်းမယ်၊ သတ်ပစ်မယ်ပြောတဲ့အခါမှာ မပြန်ဘဲနဲ့ PDF သင်တန်းကို တက်ခဲ့ရပါတယ်။ သင်တန်းရောက်တော့လည်း အခက်အခဲတွေအများကြီး တွေ့ခဲ့ရပါတယ်။ မိန်းကလေးတွေဆိုရင်လည်း ညဆိုရင် ကင်းတွေ စောင့်ခိုင်းပါတယ်။ ဆောင်းတွင်းပိုင်းမှာ ရေတွေ စိမ်ခိုင်းပါတယ်။ စားသောက်ပိုင်းဆိုင်ရာမှာလည်း ရှူးရှဲတစ်ထုပ်နဲ့ပဲ အများစားခဲ့ရပါတယ်။ တစ်ခါတလေကျရင် ဘာမှမပါဘဲ စားခဲ့ရပါတယ်။ ကျွန်တော့်ကျန်းမာရေး သွေးတွေအန်တဲ့အထိဖြစ်တဲ့အခါမှာလည်း ဆေးမကုပေးဘဲနဲ့ သူတို့သင်တန်းပေးထားတဲ့သူနဲ့ပဲ ကုပေးပါတယ်။ ဆေးရုံတင်ဖို့ပြောတဲ့အခါမှာ ဆေးရုံတင်မပေးပါဘူး။ အစာအိမ်ဖြစ်တာ၊ သေသွားတာမှမဟုတ်တာဘဲဆိုပြီး သင်တန်းတွေ ဆက်တက်ခိုင်းပါတယ်။ မြန်မာဆေးနဲ့ ပျောက်အောင် ကုခဲ့ရပါတယ်။ သင်တန်းမှာ မလုပ်ချင်ဘူးလို့ ပြောတဲ့အခါမှာ အပြစ်ပေးပြီးတော့ ရိုက်ပါတယ်။ အကြောင်းမရှိအကြောင်းရှာပြီး အရိုက်ခံရပါတယ်။ မိန်းကလေးတွေဆိုလည်း အသားယူပါတယ်။ ဘာဖြစ်တာလဲ နေမကောင်းဘူးလားဆိုပြီး လက်တွေကိုင်ကြည့်၊ ဟိုဟာကိုင်ကြည့်ပြုလုပ်ပါတယ်။ အဲဒီဒဏ်တွေကို မခံနိုင်ပါဘူး။ သင်တန်းဆင်းပြီး ရုံးကိုရောက်တဲ့အခါမှာ အရင်ရောက်တဲ့သူတွေနေရာရပြီး ကျွန်တော်တို့ကျတော့ နေရာမရပါဘူး။ ရောက်ရောက် ချင်းမှာပဲ ဖုန်းတွေသိမ်းသွားခဲ့ပါတယ်။ အိမ်ကို ဖုန်းဆက်ချင်တယ်လို့ပြောတဲ့အခါမှာ ဖုန်းလုံးဝဆက်ခွင့် မပေးပါဘူး။ အရင်ရောက်တဲ့အစ်မတွေကျတော့ သူတို့က ဖုန်းတွေလည်း ပေးကိုင်ပါတယ်။ အကုန်လုံး အေးအေးဆေးဆေးနေရပါတယ်။ နောက်ရောက်လာတဲ့လူတွေကပဲ မိန်းကလေးဆိုရင် သစ်တွေထမ်းရတယ်။ ဟိုအောက်လျှိုထဲထိသွားပြီး သစ်တွေထမ်းရတယ်။ ဝါးတွေဆိုရင်လည်း ကိုယ့်ဘာသာခုတ်ပြီး ထမ်းရပါတယ်။ အဲဒါတွေမလုပ်ဘူးဆိုရင် အပြစ်ပေးပါတယ်။ ညဆိုလည်း ကင်းတွေစောင့်ရပါတယ်။ တစ်ရက်မှ မနားဘဲ စောင့်ခဲ့ရပါတယ်။ ဂိတ်ကင်းဆိုလည်း ကင်းစောင့်ရပါတယ်။ ရုံမှာအစားအသောက်ကျွေးပြီဆိုလည်း ဘယ်တော့မှ အသားဟင်းမကျွေးခဲ့ပါဘူး။ သူတို့အရာရှိတွေ ညအရက်သောက်ပြီး ပျော်ပါးပြီးတဲ့အခါမှာ မိန်းကလေးတွေက မနက်ဆိုရင် သူတို့စားပြီးသားတွေကို ရှင်းပေးရပါတယ်။ အန်ထားတာကအစ ရှင်းပေးရပါတယ်။ အဲဒါတွေမလုပ်ဘူးဆိုရင် သူတို့က ဘာလို့မလုပ်တာလဲဆိုပြီး အပြစ်ပေးပါတယ်။ ဆရာဝန်အရာရှိတစ်ယောက်ကဆိုရင် ကျွန်တော်နေမကောင်းလို့ ဆေးခန်းသွားပြတဲ့အခါမှာ နေမကောင်းတာဘာဖြစ်လို့လဲဆိုပြီး လက်တွေကိုင်ပါတယ်။ ခွင့်မပြုတဲ့အခါမှာ သူကျွန်တော့်ကို ဆေးမကုပေးပါဘူး။ ဘာမှမဖြစ်ဘူးဆိုပြီး ဒီအတိုင်းပဲ ပြန်လွှတ်ပါတယ်။ အရင်ရောက်တဲ့ မိန်းကလေးတွေဆိုရင် ကျွန်တော်တို့နောက်ရောက်တဲ့ မိန်းကလေးတွေဆို အနိုင်ကျင့်ပါတယ်။ ပြောဆိုပါတယ်။ ပြောလို့ရတဲ့သူဆို သူတို့ဖိပြောပါတယ်။ အဲဒီဒဏ်တွေကို မခံနိုင်တဲ့အခါမှာ တပ်မတော်ဘက်ကို အလင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့က ပြောပါတယ် နင် အဲဒီဘက်ကိုရောက်ရင် သူတို့က သတ်ပစ်မှာလို့ ပြောတဲ့အခါမှာ ကျွန်တော် တွေဝေခဲ့ပါတယ်။ အလင်းဝင်ရောက်တဲ့အစ်မတစ်ယောက်ကနေပြီး ဘာမှမဖြစ်ဘူး အဆင်ပြေတယ်။ မိဘတွေလက်ထဲကို ချောချောမွေ့မွေ့ပြန်အပ်တယ်ဆိုတာနဲ့ ကျွန်တော် တပ်မတော်ဘက်သို့ အလင်းဝင်ရောက်ခဲ့ပါတယ်။ တပ်မတော်အတွင်း အလင်းဝင်ရောက်တဲ့အခါမှာလည်း သူတို့ပြောသလိုဖြစ်မနေဘဲနဲ့ နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ မိဘတွေလက်ထဲကိုလည်း သေသေချာချာ ပြန်အပ်ပေးပါတယ်။ အဲအတွက်လည်း တပ်မတော်ကို ကျေးဇူးတင်ပါတယ်။ ပြီးရင် ကျွန်တော်တို့ကြောင့်ပဲဖြစ်ဖြစ်၊ အဓမ္မစေခိုင်းလို့ပဲဖြစ်ဖြစ် ဒုက္ခရောက်ခဲ့တဲ့ ပြည်သူတွေကိုလည်း ကျွန်တော် ဒီကနေ တောင်းပန်ပါတယ်။ တောထဲမှာကျန်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ဖို့ ကျွန်တော် အမြန်ဆုံးဖိတ်ခေါ်ပါတယ်။ လိုအပ်တာရှိရင်လည်း ကျွန်တော်ကူညီဖို့အသင့်ပါပဲ။

သတင်းစဉ်