Skip to main content

ယာယီနေရပ်စွန့်ခွာရာမှ နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ထုတ်ပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၂၂

နောင်ချိုမြို့အား တပ်မတော်မှ အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ယာယီနေရပ်စွန့်ခွာနေကြသည့် နောင်ချိုမြို့မှ ဒေသခံတိုင်းရင်းသားပြည်သူများသည် ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြရာ ၎င်းတို့ယာယီနေရပ်စွန့်ခွာစဉ် ပျောက်ဆုံး၊ ပျက်စီးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဇူလိုင် ၂၁ ရက်မှစ၍ နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ယင်းသို့ကွင်းဆင်းဆောင်ရွက်ပေးရာ၌ နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်လာကြသူများအနက် ဒေသခံပြည်သူ ၆၀ ကို လိုအပ်သော စာရွက်စာတမ်းများနှင့် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းဆောင်ရွက်ကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ထုတ်ပေးခဲ့ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်ကို ဒေသခံပြည်သူများအတွက် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်