Skip to main content

ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်နှုန်းကွာဟချက်များ အချက်အလက်ကောက်ယူရန် မေးခွန်းပုံစံများ အတည်ပြုချမှတ်နိုင်ရေး ဆွေးနွေး

နေပြည်တော် ဇူလိုင် ၂၂

ပန်းတိုင်အထွက်နှုန်းရရှိရေး (Yield Gap Analysis) အထွက် နှုန်းကွာဟချက်များ အကြိုဆန်းစစ်လေ့လာခြင်းအပေါ် တွေ့ရှိချက်များအား သုံးသပ်ဆွေးနွေးခြင်းနှင့် အချက်အလက်ကောက်ယူရန် မေးခွန်းပုံစံများအတည်ပြုချမှတ်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးဆိုင်ရာ သုတေသနနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ အောင်မြင်စွာရပ်တည်နိုင်ရေးနှင့် သုတေသနမှသည် တောင်သူလက်ဝယ်အရောက် ပို့ဆောင်နိုင်ရန် Digital Platform ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးနည်းစနစ်ကောင်းများကို တောင်သူများ စနစ်တကျအသုံးပြုနိုင်ရေးအတွက် လူထုအခြေပြုစီမံချက်များထားရှိဆောင်ရွက်ကြရမည်ဖြစ်ရာ စိုက်ပျိုးရေးပညာရှင်များ အကျွမ်းတဝင်ဖြစ်ရန် လိုအပ်သည့် IOT (Internet of things) ကို စဉ်ဆက်မပြတ် လေ့လာအသုံးပြုသွားကြရန် တိုက်တွန်းပါကြောင်း။

ဖြည့်ဆည်းဆောင်ရွက်

ယနေ့ဆွေးနွေးပွဲမှသည် နိုင်ငံလုံးကျွတ် သီးနှံအထွက်နှုန်းကွာဟချက်များ ဆန်းစစ်ခြင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရန် အချက်အလက်များပြုစုပညာပေးနိုင်ရေး၊ လယ်သမားတစ်ဦးစီ၏ မျိုး၊ မြေ၊ ရေ၊ နည်းဆိုင်ရာအခက်အခဲများကို လူထုဗဟိုပြုလေ့လာ၍ လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သီးနှံအထွက်နှုန်း ကွာဟချက်ကို နှစ်စဉ်ဆောင်ရွက်နိုင်ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရန် ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန် အရေးကြီးကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် စိုက်ပျိုးရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီမြင့်က ပန်းတိုင်အထွက်နှုန်း ရရှိရေးဦးတည်သော နွေစပါးသီးနှံအထွက်နှုန်း ကွာဟချက်များကို အကြိုစစ်တမ်းကောက်ယူလေ့လာခြင်းမှ တွေ့ရှိချက်များ၊ စပါးအထွက်နှုန်းကွာဟမှုကို ခွဲခြမ်းစိတ်ဖြာရခြင်း ရည်ရွယ်ချက်များ၊ သုတေသနဆောင်ရွက်ခဲ့သည့် နည်းလမ်းများနှင့် သုတေသနတွေ့ရှိချက်များကိုတင်ပြပြီး ပါမောက္ခ ဒေါက်တာအေးမိုးစံက အကြိုစစ်တမ်းကောက်ယူခြင်းတွင် အချက်အလက်များစာရင်းသွင်းခြင်း၊ ကောက်ယူခြင်း၊ အချက်အလက်များအပေါ် သုံးသပ်တင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဩဂုတ်လပထမပတ်တွင် စတင်ဆောင်ရွက်မည့် စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက် ကြိုတင်စီမံဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်