Skip to main content

နောင်ချိုမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်စတင်လက်ခံ၊ နောင်ချိုမြို့ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၂

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ကာ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများပူးပေါင်း၍ ဒေသခံပြည်သူလူထုလုံခြုံရေးနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

တပ်မတော်က နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ပြီးလျှင်ပြီးချင်း နိုင်ငံတော်ဝန်ကြီးချုပ်၏ ပထမဆုံးလမ်းညွှန်မှာကြားချက်အနေဖြင့် ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အတန်းပညာတတ်မြောက်မှသာ အတတ်ပညာကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်သည့်အတွက် ပညာတတ်များပေါများစေရန် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့ကြောင့် နောင်ချိုမြို့ရှိ အခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ကျောင်းအဆောက်အဦနှင့် ပရိဘောဂပစ္စည်းများပြုပြင်ခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးမှုနှင့်အတူ ဒေသခံတိုင်းရင်းသားမိဘပြည်သူများ၏ ပူးပေါင်းပါဝင်လာခဲ့မှုကြောင့် ယနေ့တွင် နောင်ချိုမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် စတင်ကျောင်းအပ်လက်ခံနိုင်ခဲ့ရာ ကျောင်းလာရောက်အပ်နှံနိုင်မှုအနေဖြင့် ကျောင်းသား/ကျောင်းသူ ၁၆၅ ဦးရှိကြောင်း သိရှိရသည်။ အဆိုပါကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများအား ကျောင်းသား၊ ကျောင်းသူများထံသို့ တစ်ပါတည်း ပေးအပ်ကြသည်။

ထို့ပြင် နောင်ချိုမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(သပြေရေ)တို့၌လည်း စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝန်းအတွင်းအပြင်သန့်ရှင်းသာယာရေးအတွက် တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အခြားလိုအပ်သည်များအား ဆောင်ရွက်ပေးသည်။

ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်၏ ဒုတိယလမ်းညွှန်ချက်အနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် (၂၅)ခုတင်ဆံ့ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံအား မူလအခြေနေသို့ ပြန်လည်ရောက်ရှိအောင် အမြန်ဆုံးပြန်လည်ပြုပြင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးရန်ဖြစ်သည့်အတွက် အဆိုပါဆေးရုံအား ပြန်လည်ပြုပြင်နေစဉ်ကာလအတွင်း မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ပူးပေါင်း၍ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသား ပြည်သူ ၁၈၂ ဦးတို့ကို သွေးလွန်တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများနှင့် ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်ပေးသည်။

၎င်းအပြင် နောင်ချိုမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝလုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။