Skip to main content

ငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၁

အင်အားပြင်းမန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် ရန်ပုံငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က ဆွေးနွေးရာတွင် ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ဇူလိုင် ၁၆ ရက်တွင် ကျင်းပခဲ့သည့် ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဆွေးနွေးချက်များအရ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နယ်မြေဒေသများရှိ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေး ချေးငွေအစီအစဉ်အား ဦးစားပေးကဏ္ဍများ သတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ချေးငွေပံ့ပိုးပေးမှုအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ရန်ပုံငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ရန်ပုံငွေကို စနစ်တကျထိရောက်မှုရှိစွာ စီးဆင်းလည်ပတ်စေရန် ရန်ပုံငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့အစည်းအဝေးကို လစဉ်ပထမပတ်နှင့် တတိယပတ်များတွင် တစ်လနှစ်ကြိမ် ကျင်းပပြုလုပ်ရန် ဆွေးနွေးခဲ့ကြပြီး ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့နှင့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (မူကြမ်း)၊ ရန်ပုံငွေထည့်ဝင်ခြင်း၊ သီးခြားစာရင်းဖွင့်လှစ်ခြင်း၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ စာရင်းလွှဲပြောင်းခြင်း၊ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ရန်ပုံငွေစီးဆင်းမှုပုံစံအား ရေးဆွဲအတည်ပြုခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ယင်းနောက် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်