နေပြည်တော် ဇူလိုင် ၂၁
မြန်မာ့တပ်မတော်မှ အရာရှိ၊ စစ်သည်များအနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များ သိရှိနိုင်စေရန်အတွက် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်သော ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာသင်တန်း UN Peacekeeping Officer Course ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ပြုလုပ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် ကြီး H.E. Mr. Abhay Thakur ၊ စစ်သံမှူးများ၊ အိန္ဒိယတပ်မတော်မှ နည်းပြအရာရှိများ၊ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဖွင့်မိန့်ခွန်းပြောကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အိန္ဒိယနိုင်ငံ Center For United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိတစ်ဦးက အိန္ဒိယနိုင်ငံ၏ UN Peacekeeping Operation တွင် ပါဝင်ဆောင်ရွက်နေမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် (CUNPK) မှ နည်းပြအရာရှိများ၊ သင်တန်းသားများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
အဆိုပါသင်တန်းသည် (၈) ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အရာရှိ ၁၃၀၊ စစ်သည် ၈၄ ဦး တက်ရောက်ခဲ့ကြကာ ယခုသင်တန်းတွင် အရာရှိ ၃၀ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများနှင့် ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့များ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေးဆောင်ရွက်ခြင်း၊ တပ်ခွဲအခြေချစခန်းတည်ဆောက်ခြင်း၊ လေ့ကျင့်ခန်း BlueHelmet စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်