နေပြည်တော် အောက်တိုဘာ ၂၃
Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများ အတွက် လူသုံးကုန်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင် ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ UEHRD ကော်မတီ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က KOICA မှ မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် Hand Sanitizer များ၊ ဆေးစိမ်ခြင်ထောင်များ၊ တာပေါ်လင်များနှင့် Mask များ ခန့်မှန်းတန်ဖိုး အမေရိ ကန်ဒေါ်လာ (၃၀၀,၀၀၀) လှူဒါန်း ခြင်းကို အထူးပင် ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိစေရေးအတွက် ပြည်တွင်းနေရပ်စွန့်ခွာ သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ မသန်စွမ်းများ အပါအဝင် ပြည်သူများ အတွက် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းနှင့် IDP စခန်းများ၊ တိုက်ပွဲ ရှောင်စခန်းများ အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ပံ့ပိုးထောက်ပံ့ ခဲ့ပါကြောင်း၊ ထို့အပြင် CERP အစီအစဉ်အရ IDP စခန်းများ၊ တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်သူများနှင့် ထိခိုက်လွယ်အုပ်စု များတွင် အထောက်အကူဖြစ်မည့်လုပ်ငန်းများကို ငွေကျပ်(၃၀ ဒသမ ၄၄၆) သန်းကျခံဆောင်ရွက် ခဲ့ပါကြောင်း၊ KOICA မှလှူဒါန်းပစ္စည်းများကို နေရပ်စွန့်ခွာသူများ လက်ဝယ်သို့ စနစ်တကျ ဖြန့်ဖြူးနိုင်ရေး ရခိုင်ပြည်နယ်အစိုးရ၊ သက်ဆိုင် ရာ ဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ လှူဒါန်း ခြင်းသည် လက်ခံရရှိ သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးလုပ်ငန်း များတွင် သာမက အထွေ ထွေအသုံးပြုရန်အတွက်ပါ အသုံးဝင်မည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ကိုရီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆောင်ဟွာ က KOICA အနေဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာအိမ်ထောင်စု (၈၀၀၀)ကျော်အတွက် လိုအပ်သော လူသုံး ကုန်ပစ္စည်းများ ဖြစ်သော ဆေးစိမ်ခြင်ထောင်များ၊ တာပေါ်လင်များ၊ Face Masks နှင့် Hand Sanitizers များထောက်ပံ့ရခြင်းအတွက် ဝမ်းမြောက်ရပါကြောင်း၊ Korea နိုင်ငံအစိုးရ အနေဖြင့် ODA “Building Trust” initiative အရလှူဒါန်းခြင်းဖြစ်ပါကြောင်း၊ Korea နိုင်ငံ သည် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်၍ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး၊ ရောဂါရှာဖွေ ရေးလုပ်ငန်းများတွင် အတူတကွကူညီ ဆောင်ရွက်လျက် ရှိပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် KOICA မှ Chief Representative က လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြား ပြီး လှူဒါန်းပစ္စည်းပေးအပ်လွှာကို တာဝန် ရှိသူအားပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)