“ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး” ဆိုသကဲ့သို့ပင် လူ့ဘဝအတွက် ကျန်းမာကြံ့ခိုင်ခြင်းသည်သာ အရေးကြီးဆုံးအချက်ဖြစ်သည်။ ကျန်းမာမှ အလုပ်လုပ်နိုင်ပြီး လိုရာခရီးဆက်နိုင်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်တစ်ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မကျန်းမာသည့်အခါ ပြည်သူများ၏ အားထားရာသည် ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်၊ ဆရာဝန်၊ သူနာပြုများဖြစ်သည်။ ဤအရာများကို ပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်ပါက “အမိမဲ့သား၊ ရေနည်းငါးပမာ” ကူရာကယ်ရာမရှိ အတိဒုက္ခ ရောက်ရသကဲ့သို့ဖြစ်ပေမည်။ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်၍ အဘက်ဘက်တွင် လိုအပ်သည်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။ ပြည်သူများစိတ်ချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများ မွမ်းမံပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် အဆင့်မီဆေးကုသပေးခြင်း၊ ဆေးဝါးများ၊ ဆရာဝန်၊ သူနာပြုများ၊ ခေတ်မီကိရိယာများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၈ ရက်နေ့က ဆေးတက္ကသိုလ်လေးခုမှ ကိုယ်စားလှယ်များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိ ခန့်လွှာပေးအပ်ပွဲတွင် “ပြည်သူ့ဆေးရုံများအနေဖြင့် အရေးပေါ်လူနာများ အချိန်ပြည့်လက်ခံကုသ နိုင်ရေးစီမံထားရှိပြီး လူနာများကို တတ်နိုင်သမျှ ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲရငွေလျော့နည်းစေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်” ဟူသည့်အတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သစ်လွင်ဆရာဝန်များအနေဖြင့် ယခုမိမိတို့တာဝန်ကျရာ ဆေးရုံများတွင် စတင်ထမ်းဆောင်ကြတော့မည်ဖြစ်သဖြင့် ဝမ်းသာအားရဖြစ်ရပါကြောင်းနှင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံရှိပြည်သူများ မည်မျှအသက်ရှည်ကျန်းမာကြသည်ကို လူ့မျှော်မှန်းသက်တမ်းကိုကြည့်၍ ပြောဆိုကြသည်။ မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ၆၉ နှစ်ရှိသည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် အာဆီယံ ၁၀ နိုင်ငံများတွင် အဆင့် ၉ ရှိပြီး အိမ်နီးချင်းနိုင်ငံများတွင် အဆင့် ၅ ရှိသည်ကိုတွေ့ရသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအခြေအနေ နိမ့်ကျနေသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံ၏စီးပွားရေးကောင်းမွန်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ စားသောက်နေထိုင်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ ဆေးကုသရေး၊ သေဆုံးနှုန်း ချိန်ဆသုံးသပ်ရေး စသည့်ရှုထောင့်အမျိုးမျိုးမှ ဆောင်ရွက်သင့်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက်၊ တာဝန်အလိုက် အလေးထားဆောင်ရွက် ပေးကြရမည်ဖြစ်သည်။
ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျှော်မှန်းသက်တမ်း မြင့်မားလာစေရေးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက် မှုများကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လုံလုံလောက်လောက် လေ့ကျင့်မွေးထုတ်ပြီး နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးသည် အရေးကြီးသည်။ နိုင်ငံတော်အစိုးရအနေဖြင့် “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုသည်ကို ဦးထိပ်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လူတိုင်းလက်လှမ်းမီသည့်၊ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူလူထု၏ ကိုယ်ပိုင်ငွေကြေးကုန်ကျရမှု အနည်းဆုံးသက်သာစွာဖြင့် ရရှိစေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါဖြစ်ပွားလာပါက အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသရေးလုပ်ငန်းများကို တာဝန်ကျရာနေရာအသီးသီးမှ ကျန်းမာရေးဝန်ထမ်းများက ဆေးကုသမှုခံယူကြသော ပြည်သူများအား ကိုယ်စွမ်းဉာဏ်စွမ်း စေတနာမေတ္တာအပြည့်ဖြင့် ကုသစောင့်ရှောက်မှုပေးလျက်ရှိသည်ဟု အလေးအနက် ယုံကြည်ပါကြောင်း။ ။