နေပြည်တော် ဇူလိုင် ၁၈
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်သူမြိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ (င)၊ ၄၃ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိ သောဘိုးဘွားများကို သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးစောင့် ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ ဘိုးဘွားများနားနေခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုနှင့် ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ ပင်စင်လစာထုတ်ယူရရှိမှု၊ ဘိုးဘွားများ Day Care Centre မှ အိမ်ပြန်ရာတွင် ဘတ်(စ်) ကားမှတ်တိုင်များသို့ ပို့ဆောင်ပေးမှုတို့ကို မေးမြန်းကြည့်ရှုစစ်ဆေးသည်။
ထို့အတူ သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူသင်တန်းနှင့်ပတ်သက်၍ တစ်နှစ် နှစ်ကြိမ် ဖွင့်လှစ်မှု၊ သင်တန်းသားများ တက်ရောက်မှုနှင့် သင်တန်းသားများအား ပြင်ပဘိုးဘွားရိပ်သာများသို့ သွားရောက်လေ့လာမှုတို့နှင့်စပ်လျဉ်း၍လည်း မေးမြန်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဂေဟာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုး၊ အဘွား စုစုပေါင်း ၁၀၂ ဦး တို့အား နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားကြသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်