နေပြည်တော် ဇူလိုင် ၁၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Konstantin Kanarev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂)၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနတို့အကြား ချုပ်ဆိုမည့် ရေဒီယိုအီလက်ထရောနစ်လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်နည်းပညာ နယ်ပယ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ(မူကြမ်း)အား လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ရေဒီယိုအီလက်ထရောနစ်လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်နည်းပညာနယ်ပယ်ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်