နေပြည်တော် ဇူလိုင် ၁၇
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် (၁၄)ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုနှင့် စားရေရိက္ခာဖူလုံရေးဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေး သဘာပတိအဖြစ် မြန်မာနိုင်ငံ၏ SOM-AMAF Leader တာဝန်ယူထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်က ဆောင်ရွက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထို့အတူ အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ၏ ဝန်ကြီးများဦးဆောင်မှုအောက်ရှိ အာဆီယံကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များမှ သဘာပတိများ၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းအောက်ရှိ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များမှ သဘာပတိများ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် GIZ ၊ FAO ၊ SEARCA ၊ RECO-FTC နှင့် NTFP-EP တို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် တက်ရောက်လာကြသူများက အာဆီယံစိုက်ပျိုးရေး၊ သုတေသနဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ၊ အာဆီယံသီးနှံကဏ္ဍဆိုင်ရာ၊ အာဆီယံသစ်တောကဏ္ဍဆိုင်ရာ၊ အာဆီယံသစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ၊ အာဆီယံငါးလုပ်ငန်းဆိုင်ရာ၊ အာဆီယံတိရစ္ဆာန် မွေးမြူရေးဆိုင်ရာ၊ အာဆီယံဒေသတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ရေးဆိုင်ရာ၊ အာဆီယံသိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ၊ အာဆီယံကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ အာဆီယံစွမ်းအင်ကဏ္ဍဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးများမှ ထွက်ပေါ်လာသည့် ရလဒ်များနှင့် ကဏ္ဍအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေကို တင်ပြဆွေးနွေးကြသည်။
ထို့အတူ အာဆီယံဒေသတွင်း ရာသီဥတုပြောင်းလဲမှုအား ကြံ့ကြံ့ခံနိုင်မှုရှိစေရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် စီမံကိန်းများကို ရှင်းလင်းဆွေးနွေးကြသည့်အပြင် အာဆီယံဒေသတွင်း နိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုနှင့် စားရေရိက္ခာဖူလုံရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း သတ်မှတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်