နေပြည်တော် ဇူလိုင် ၁၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ဇူလိုင်၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အိမ်ရာနှင့် မြို့ပြရေးရာဝန်ကြီး၊ ပြည် ထောင်စုအစိုးရအဖွဲ့ဝင် H.E. Shri Manohar Lal ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတ္တမအကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆဋ္ဌမအကြိမ်မြောက် ပူးတွဲ ဦးဆောင် ကော်မတီအစည်းအဝေး တို့သို့ တက်ရောက်ခြင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ဗို့အားမြင့် ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာ စီမံကိန်းအသေးစိတ် အစီရင်ခံစာပြုစုခြင်း သဘောတူညီချက် (Agreement for prepara-tion of Detailed Project Report- DPR) လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် အဆိုပါခရီးစဉ်အတွင်း ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ဇူလိုင် ၁၀ ရက်တွင် နယူးဒေလီရှိ Power Grid Cooperation National Control Center ကိုလည်းကောင်း၊ ဇူလိုင် ၁၁ ရက်တွင် နွိုက်ဒါရှိ National Thermal Power Cooperation ၏ Technical Research and Training Center နှင့် Solar Hybrid Farm ကို လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် အာဂရာရှိ Power Grid Coope-ration ၏ ၈၀၀ ကေဗွီ၊ High Voltage Direct Current (HVDC) ဓာတ်အားခွဲရုံကိုလည်းကောင်း သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်