ရန်ကုန် ဇူလိုင် ၁၃
မြန်မာလှေလှော်အဖွဲ့သည် ဇူလိုင် ၁၂၊ ၁၃ ရက်က စင်ကာပူ နိုင်ငံ၌ ကျင်းပသည့် စင်ကာပူဖိတ်ခေါ် ကနူးကယက်လှေလှော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် လေးခု ဆွတ်ခူးရရှိခဲ့သည်။
မြန်မာလှေလှော်အဖွဲ့အတွက် ရွှေတံဆိပ် ၁၀ ခုကို မီတာ ၅၀၀ ကနူးအလွတ်တန်း တစ်ယောက် လှော်ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်း၊ မီတာ ၅၀၀ ကနူး နှစ်ယောက်တွဲ အလွတ်တန်းပြိုင်ပွဲတွင် ကျော်ဇေယျနှင့် သန့်ဇင်ဦးအတွဲ၊ မီတာ ၅၀၀ ကနူးလေးယောက်လှော်အလွတ်တန်းပြိုင်ပွဲတွင် ကျော်ဇေယျ၊သန့်ဇင်ဦး၊ ထွဋ်ခေါင် ဇော်၊ မျိုးလှိုင်ဝင်းအတွဲ၊ မီတာ ၂၀၀ ကနူးလေးယောက်လှော်အလွတ်တန်းပြိုင်ပွဲတွင် ကျော်ဇေယျ၊ သန့်ဇင်ဦး၊ ထွဋ်ခေါင်ဇော်၊ မျိုးလှိုင်ဝင်းအတွဲ၊ မီတာ ၂၀၀ ယူ-၁၅+ယူ-၁၈ ကနူးတစ်ယောက်လှော်ပြိုင်ပွဲတွင် ထွဋ်ခေါင်ဇော်၊ မီတာ ၂၀၀ ကနူးအလွတ်တန်း တစ်ယောက်လှော်ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်း၊ မီတာ ၂၀၀ ကနူး နှစ်ယောက်လှော် အလွတ်တန်းပြိုင်ပွဲတွင် မျိုးလှိုင်ဝင်းနှင့် ကျော်ဇေယျအတွဲ၊ မီတာ ၅၀၀ ယူ-၁၅+ယူ-၁၈ ကနူး တစ်ယောက်လှော်ပြိုင်ပွဲတွင် ထွဋ်ခေါင်ဇော်၊ မီတာ ၁၀၀၀ ယူ-၁၇+ယူ-၁၈ ကယက် တစ်ယောက်လှော်ပြိုင်ပွဲ တွင် ဇေယျာထွန်း၊ မီတာ ၁၀၀၀ ကနူးတစ်ယောက်လှော်အလွတ်တန်းပြိုင်ပွဲတွင် သန့်ဇင်ဦးတို့က ဆွတ်ခူးရရှိသည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင်စင်ကာပူနိုင်ငံမှ လက်ရွေးစင်အသင်း၊ လူငယ်လက်ရွေးစင်အသင်းအပါအဝင် စုစုပေါင်း လေးသင်း၊ မြန်မာ၊ ဩစတြေးလျ၊ တရုတ်(တိုင်ပေ)နှင့် ဟန်ဂေရီအသင်းတို့ ပါဝင်ယှဉ်ပြိုင်သည်။
ကိုညီလေး၊ ဓာတ်ပုံ - MRF