နေပြည်တော် ဇူလိုင် ၁၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူသည့် ရွှေစင်ပြားများ၏ အရည်အသွေးကို တိုင်းတာစစ်ဆေးခြင်း၊ Electric Vehicle (EV) သုံး ဘက်ထရီဆိုင်ရာ ဒြပ်ပေါင်းများ စမ်းသပ်ထုတ်လုပ်ခြင်း၊ စွန့်ပစ်ဘက်ထရီများ စီမံခန့်ခွဲခြင်း၊ လျှပ်စစ်စွန့်ပစ်ပစ္စည်းများမှ အဖိုးတန်အသုံးဝင်သော သတ္တုများ စမ်းသပ်ထုတ်လုပ်ခြင်း၊ သတ္တုသန့်စင်ခြင်းဆိုင်ရာ နည်းပညာသုတေသနလုပ်ငန်းများနှင့် နည်းပညာပံ့ပိုးပေးသည့် ဝန်ဆောင်မှုများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တာဝန်ရှိသူများက မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်တွင် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ခဲ့သည့် ခေတ်မီနောက်ဆုံးပေါ် EV ဘက်ထရီအမျိုးအစား သုတေသနပြုစမ်းသပ်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များကို အလေးထားလိုက်နာပြီး နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အမှန်တကယ်အကျိုးပြုမည့် နည်းပညာသုတေသနများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားရန် ပြောကြားသည်။
ပေးအပ်
ထို့နောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား သုတေသနဂုဏ်ပြုဆုများ၊ လုပ်သက်ရင့်သက်ကြီးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဂုဏ်ပြုငွေများ ပေးအပ်သည်။
ယင်းနောက် ဇလသတ္တုဗေဒ ဌာနရှိ EV ဘက်ထရီဆိုင်ရာ သုတေသနလုပ်ငန်းများ၊ အဂ္ဂိသတ္တုဗေဒဌာနစုရှိ သုတေသနလုပ်ငန်းများ၊ သံ၊ သံမဏိနှင့် သတ္တုစပ်ထုတ်လုပ်ရေးဌာနရှိ Ferro Manganese Alloy ထုတ်လုပ်ခြင်း၊ ဆိုလာပြားထုတ်လုပ်ရေးအထောက်အကူပြု အရည်အသွေးမြင့် ဆီလီကွန်သတ္တု (Metallurgical Grade Silicon) စမ်းသပ်ထုတ်လုပ်ခြင်းနှင့် Ferro Silicon စမ်းသပ်ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းများ၊ တွင်းထွက်ဗေဒဌာနရှိ သတ္တုရိုင်းများရှာဖွေမှုဆိုင်ရာ သုတေသနပြုခြင်းစသည့် လုပ်ငန်းများမှ သုတေသနပြုရလဒ်များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝန်ထမ်းအိမ်ရာများသို့ သွားရောက်၍ ငလျင်သင့်ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်