Skip to main content

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၁၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန် (၄) ဇုန်ခွဲ၍ ကျင်းပရာ သက်ဆိုင်ရာဇုန်များအလိုက် အားကစားကွင်းအသီးသီးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပရိသတ် ၉၀၀၀ ကျော်ခန့် တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကချင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အားကစားဥယျာဉ်ကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နှစ်ဖက်စလုံးဂိုးမရှိ သရေရလဒ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးက ရခိုင်ပြည်နယ်အသင်းကို ကိုးဂိုး - ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်မှ ၁၈ ရက်အထိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန် (၄) ဇုန်ခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များမှ စတင်၍ ဗိုလ်လုပွဲ ပွဲစဉ်များအထိ ရန်ကုန်မြို့ရှိ အားကစားကွင်းများ၌ ကျင်းပသွားမည်ဖြစ်သည်။ ဇူလိုင် ၁၂ ရက် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အားကစားဥယျာဉ်ကွင်း၌ ကယားပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်