နေပြည်တော် ဇူလိုင် ၁၁
၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အထိမ်းအမှတ်အခမ်းအနားကျင်းပရေး ဗဟိုကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကုလသမဂ္ဂကလူဦးရေ သန်းငါးထောင်ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ လူဦးရေပြဿနာရပ်နှင့် လူမှုအဖွဲ့အစည်း၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်တို့အပေါ် သက်ရောက်မှုများကို အသိပညာမြှင့်တင်ပေးရန်ရည်ရွယ်ပြီး အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်ကျင်းပလာခဲ့သည်မှာ ယခုအခါ (၃၆) နှစ်မြောက်ရှိပြီဖြစ်ကြောင်း။
မိမိတို့မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲလာမှုကို လေ့လာကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် လူဦးရေ ၅၆ ဒသမ ၂ သန်းခန့် ဖြစ်လာမည်ဟု ခန့်မှန်းခဲ့ကြကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအရ လက်ရှိလူဦးရေတွင် ၅၁ ဒသမ ၃ သန်း ကျော်သာရှိသည်ကို တွေ့ရှိရကြောင်း။
ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများကို ဆန်းစစ်လေ့လာရန်လိုအပ်
ယခင် လူဦးရေတိုးနှုန်းများအရ လူဦးရေတိုးပွားလာရမည်ဖြစ်သော်လည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ (၁၀) နှစ်တာကာလအတွင်းတွင် လူဦးရေတိုးပွားလာခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူဦးရေတိုးနှုန်းကို တိုက်ရိုက်သက်ရောက်စေသည့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ ပြည်ပရွှေ့ပြောင်းနှုန်းများကို ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်း။
မိမိတို့နိုင်ငံတွင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားနှုန်းသည် ၄ ဒသမ ၇ ဦးရှိခဲ့သော်လည်း၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကလေး ၂ ဒသမ ၃ ဦးနှုန်းလောက်ထိ ကျဆင်းလာပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မိဘနှစ်ပါးနေရာကိုသာ ပြန်လည်အစားထိုးနိုင်မည့် ၂ ဒသမ ၁ ဦး နှုန်းအောက်ကို ကျဆင်းလာခဲ့သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၏ မွေးဖွားနှုန်းသည် အစဉ်တစိုက်ကျဆင်းလာသည်ဖြစ်၍ လက်ရှိတွင်လည်း ပိုမိုကျဆင်းလာခြင်းဖြစ်နိုင်ကြောင်း၊ မိခင်တစ်ဦး၏ ကလေးမွေးဖွားနှုန်းသည် ၂ ဦးအောက်ကို လျော့ကျလာပြီဆိုပါက မိမိတို့နိုင်ငံ၏ လူဦးရေသည် တဖြည်းဖြည်းသိသိသာသာ လျော့နည်းကျဆင်းလာမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ် - ၁၉ ကပ်ရောဂါဆိုးနှင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများအပေါ် သက်ရောက်မှုများရှိခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းများ လျော့ကျလာပြီး လူငယ်အများအပြားသည်လည်း ပြည်ပထွက်ခွာမှုများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရကြောင်း။
ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် သက်ကြီးရွယ်အိုလူဦးရေများပြားလာမှုနှင့်အတူ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားပြီး လုပ်သားကဏ္ဍလိုအပ်ချက်များ များလာခြင်းကြောင့် လုပ်သားအင်အားရွှေ့ပြောင်းမှုများ ရှိနေကြကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း လူဦးရေလျော့နည်းလာသည့်အပြင် လူ့စွမ်းအားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအင်မထိခိုက်စေရေးတို့အတွက် ရွှေ့ပြောင်းနေထိုင်လာမှုများကို သတိထားကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လူဦးရေပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုများအရ မကြာတော့မည့် အနာဂတ်ကာလတွင် မိမိတို့နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေသည် ကလေးဦးရေထက် ပိုမိုများပြားလာတော့မည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် တစ်သက်တာပညာသင်ယူမှုနှင့် ပြန်လည်လေ့ကျင့်သင်ကြားနိုင်မည့် အခွင့်အလမ်းများ၊ အသက်အရွယ်ပေါင်းစုံ အလုပ်လုပ်ကိုင်နိုင်သည့် လုပ်သားအင်အားစုများဖြစ်စေရန် ဖန်တီးပေးရန် လိုအပ်လာမည့်အခြေအနေဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် အသက်အရွယ်ကြီးရင့်လာသော်လည်း အလုပ်လုပ်ချင်စိတ်ရှိနေသေးသူများကို ပုဂ္ဂလိကအခန်းကဏ္ဍများတွင် အလုပ်လုပ်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ရေရှည်စီမံကိန်းများဖြင့် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရှိ သင့်ပြီဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ လူဦးရေပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာသုံးသပ်နိုင်ရန်နှင့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်ရန်အတွက် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မဖြစ်မနေကောက်ယူရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်အလက်များပင်ဖြစ်
မိမိတို့နိုင်ငံတော်အတွက် လိုအပ်မည့် ရေတိုရေရှည်စီမံကိန်းများတွင် အခြေခံအသုံးပြုနိုင်မည့် လူဦးရေကို သိရှိနိုင်ရန်၊ လူဦးရေပြောင်းလဲမှုဆိုင်ရာဖြစ်စဉ်များကို လေ့လာသုံးသပ်နိုင်ရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာဆန်းစစ်သုံးသပ်ရာ တွင်လိုအပ်သည့် အချက်အလက်များရရှိရန် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကောက်ယူနိုင်ခဲ့ကြောင်း၊ သန်းခေါင်စာရင်းက ရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက်အခြေအနေများကို ပြသနေခြင်းဖြစ်၍ မှန်ကန်သည့်မူဝါဒများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများ ရေးဆွဲနိုင်ရန်လိုအပ်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် သယံဇာတအရင်းအမြစ်များ ခွဲဝေရန်၊ ဘဏ္ဍာငွေခွဲဝေချထားရန်၊ လိုအပ်သည့် နေရာများတွင် စာသင်ကျောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ လမ်း၊ တံတား စသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးနိုင်ရန်၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်စသည့် စီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်အလက်များပင်ဖြစ်ကြောင်း။
ထို့ကြောင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းက အချက်အလက်များကို သေသေချာချာ ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းတွင် မေးခွန်းပေါင်း (၆၈) ခု မေးမြန်းခဲ့ပြီး လူဦးရေဆိုင်ရာ အချက်အလက်များသာမက လူမှုစီးပွားဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းပြည်ပရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အချက်အလက်များ၊ အိမ်နှင့် အိမ်ထောင်စုအကြောင်းအရာများကို ပြည့်ပြည့်စုံစုံမေးမြန်းထားကြောင်း၊ အဆိုပါအချက် အလက်များကို အသေးစိတ်ဆန်းစစ်လေ့လာပြီး မိမိတို့နိုင်ငံ၏ မျက်မှောက်အခြေအနေကို ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေကို ဖော်ပြနေသည့် သန်းခေါင်စာရင်းအချက်အလက်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကကိုင်တွယ်အသုံးပြုသွားရန် လိုအပ်ကြောင်း။
ထို့ပြင် မကြာမီ မိမိတို့နိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်သည့် မဲစာရင်းမှန်ကန်စေရေးကိုလည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကရရှိသည့် လူဦးရေစာရင်းများက အဓိကအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် မကြာမီက ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် မြို့များ၏ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များက လွန်စွာအသုံးဝင်မည်ကိုလည်း ပြောကြားလိုကြောင်း။
နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ရောက်တိုင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်သတ်မှတ်၍ အခမ်းအနား၊ လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ကို မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေကို ထင်ဟပ်ပေါ်လွင်စေမည့် သန်းခေါင်စာရင်းအချက်အလက်များကို ထိထိရောက်ရောက် အသုံးပြုကြရန် ရည်ရွယ်ပြီး “လူမှုစီးပွားဖွံ့ဖြိုးဖို့၊ သန်းခေါင်စာရင်းအချက်အလက်များကို အသုံးပြုစို့” “From Data to Development: Using Census for Socio-Economic Advance-ment” ဟု သတ်မှတ်ထားကြောင်း။
အသက်ပေးတာဝန်ထမ်းဆောင်ခဲ့သူများကို မှတ်တမ်းတင်ဂုဏ်ပြု
ယင်းဆောင်ပုဒ်ကို သတ်မှတ်ထားရခြင်းမှာ သန်းခေါင်စာရင်းအချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်ပင်အသုံးဝင်သည့် အချက်အလက်များဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့တွင်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များကို တစ်တပ်တစ်အားအသုံးချ၍ နိုင်ငံတော်ရန်ပုံငွေ ကျပ်သန်းပေါင်းများစွာ အကုန်အကျခံပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အချိန်များစွာ ကြိုတင်ပြင်ဆင်မှုနှင့်အတူ လူအင်အားများစွာအသုံးပြုပြီး စာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ စာရင်းကောက်ယူစဉ် ကာလအတွင်းတွင်လည်း အခက်အခဲပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး ယင်းလုပ်ငန်းများကို အသက်ပေးတာဝန်ထမ်းဆောင်ခဲ့သူများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း။
ထိုသို့အခက်အခဲပေါင်းများစွာထဲက ငွေအင်အား၊ လူအင်အားအသုံးပြုပြီး အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်း၏ အချက်အလက်များကို မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ စာရင်းအင်းအချက်အလက် အသုံးပြုသူများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိထိရောက်ရောက် အသုံးပြုနိုင်ရန် အလေးအနက်ထားတိုက်တွန်းပြောကြားလိုကြောင်း။
ယနေ့ ကမ္ဘာ့လူဦးရေနေ့ကစပြီး မြန်မာနိုင်ငံအတွင်းတွင် နေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားများအားလုံး ကျန်းမာချမ်းသာစွာဖြင့် သဘာဝဘေးအန္တရာယ်အပေါင်းက လွတ်ကင်းကြပြီး အများကောင်းကျိုးကို သယ်ပိုးနိုင်ကြပါစေ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို ကဏ္ဍအလိုက် ထိရောက်စွာ အသုံးပြုကြပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “လူမှုစီးပွားဖွံ့ဖြိုးဖို့၊ သန်းခေါင်စာရင်းအချက် အလက်များကို အသုံးပြုစို့” ဆောင်ပုဒ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနား Animation Clip ကို ပြသသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ပြခန်းများနှင့် စာအုပ်၊ စာစောင်များကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်