နေပြည်တော် ဇူလိုင် ၈
ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီက ရန်ကုန်ရှိ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) တွင် AI ကျင့်ဝတ်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (၁/၂၀၂၅) ကို ယနေ့ မွန်းလွဲပိုင်းတွင် Hybrid စနစ်ဖြင့် ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်သည်။
တိုက်တွန်းပြောကြား
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံ့ရေရှည်အကျိုးစီးပွားကို လွှမ်းခြုံဖော်ဆောင်ပေးနိုင်မည့် ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်း ဖြစ်ထွန်း လာစေရေးအတွက် ဒစ်ဂျစ်တယ် ကျင့်ဝတ်လိုက်နာစောင့်ထိန်းမှုနှင့် ဆိုက်ဘာလုံခြုံရေးထိန်းချုပ်ဆောင်ရွက်မှုတို့ဆိုင်ရာ အသိပညာများ၊ နည်းပညာများ မြှင့်တင်ဆောင်ရွက်မှု၊ စံအရည်အသွေးပြည့်မီသည့် IT နည်းပညာရှင်များ စဉ်ဆက်မပြတ် ပျိုးထောင်ပေးမှုတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်ဝင်းထွဋ်၊ အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်၊ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်း ကျောင်းမှ ကထိက ဦးအောင်ခိုင်၊ Myanmar Digital Economy Association (MDEA) အမှုဆောင် ဒါရိုက်တာ ဦးအောင်ကိုကိုဦးနှင့် Nex Bridge Global ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးသက် နောင်စိုးတို့က MSME ဆိုင်ရာ AI မော်ဒယ်များ အသုံးပြုမှု၊ AI ကျင့်ဝတ်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာများနှင့် နည်းပညာဗဟုသုတများကို ဆွေးနွေးကြပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) ကျောင်းအုပ်ကြီး ဦးဇေယျာအောင်က ဆွေးနွေးပွဲကို ပံ့ပိုးဆောင်ရွက် ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနရှိ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသနဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ကျောင်းသားများက သိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် မေးမြန်းဆွေးနွေးကြကာ MDEA အမှုဆောင်ဒါရိုက်တာက Open Academy ၏ Cloud Computing သင်တန်းအတွက် Scholarship ပေးအပ်မည့်အစီအစဉ် ကို မိတ်ဆက်ပြောကြားပြီးဒုတိယဝန်ကြီးက ဆွေးနွေးကြသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့် ကျောင်းသားများထံ IT နည်းပညာ၊ သုတနှင့် ရသစာအုပ်များ ပေးအပ်ချီးမြှင့်သည်။
ဆွေးနွေးပွဲသို့ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် အခြားသောဦးစီးဌာနများမှ တာဝန်ရှိသူများ၊ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ဆရာများနှင့် ကျောင်းသားများ၊ တောင်ဒဂုံရှိစက်မှုဇုန် ခြောက်ခုမှ ဇုန်ဥက္ကဋ္ဌများ၊ MSME လုပ်ငန်းရှင်များ၊ ကျောင်းသားမိဘများနှင့် ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်