နေပြည်တော် ဇူလိုင် ၄
ပြည်ထောင်စုနယ်မြေနေပြည်တော် ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy ၊ Naypyitaw State Polytechnic University ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ရာသီဥတုမျှတစေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး ဂေဟစနစ်ကောင်းမွန်စေရန်၊ နောင်အနာဂတ်မျိုးဆက်သစ်များအတွက် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်း ကျင် အမွေအနှစ်ကောင်းများ ပေးစွမ်းနိုင်စေရန်နှင့် သစ်ပင်သစ်တောများ၏ စစ်မှန်သည့်တန်ဖိုးကို သိရှိနားလည်ပြီး သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများတွင် လူတိုင်းပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်ပြီး နှစ်စဉ် မိုးရာသီကာလများတွင် သစ်ပင်စိုက်ပျိုးပွဲတော်များကို နိုင်ငံတော်က ဦးစီးဦးဆောင်လုပ်ပြီး နိုင်ငံနှင့်တစ်ဝန်း ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ယနေ့ပြုလုပ်သည့် ၂၀၂၅ ခုနှစ်အတွက် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရာသီအလိုက် ရောင်စုံပန်းများဖူးပွင့် သည့် သစ်မျိုး ၁၈ မျိုး၊ သစ်ပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ ဇွန်လ ၁၅ ရက် တွင်လည်း ရန်အောင်မြင်ကြိုးဝိုင်းအတွင်း၌ ပထမအကြိမ်အဖြစ် သစ်မျိုး ၁၆ မျိုး၊ သစ်ပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း။
သဘာဝရင်းနှီးမြှုပ်နှံမှု
သစ်ပင်များသည် ကမ္ဘာမြေကြီးနှင့် လူသားများအတွက် များပြားလှသည့် အကျိုးကျေးဇူး များကို ပေးစွမ်းလျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ သုတေသနပညာရှင်များ၏လေ့လာ မှုအရ သစ်ပင်များရှိသည့် စိမ်းလန်း စိုပြည်နေသည့် ပတ်ဝန်းကျင် တို့သည် စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်စေနိုင်သည်ဟု ဆိုကြောင်း၊ သစ်ပင်များနှင့်ပြည့်နေသည့် ပန်းခြံများ၊ လမ်းမများ၊ ကျေးလက်နှင့် မြို့ပြများသည် လမ်းလျှောက်ရန်၊ အပန်းဖြေရန်၊ အရိပ်ရရန်တို့အပြင် အေးချမ်းသည့် သဘာဝအလှနှင့်ထိတွေ့ခြင်းအားဖြင့် လူသားများ၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ ဖြစ်ထွန်းစေကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံတော်၏ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် အလွန်အရေးကြီးပြီး အကျိုးကျေးဇူးကြီးမားစေသည့် သဘာဝရင်းနှီး မြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း။
သစ်ပင်စိုက်ပျိုးခြင်းဟူသည်မှာ ရိုးရှင်းသည့် သာမန်လုပ်ငန်းစဉ် တစ်ခုဖြစ်သော်လည်း ရေရှည် အတွက် ကြီးမားသည့်အကျိုး ကျေးဇူးများကို ရရှိစေနိုင်ကြောင်း၊ သစ်ပင်တစ်ပင်စိုက်ပျိုးလိုက်သည့်အခါ အဆိုပါသစ်ပင်ကြီး ရှင်သန်ကြီးထွားနေသမျှ ကာလပတ်လုံးရရှိလာသည့် အရိပ်အာဝါသ၊ သစ်သီးဝလံ၊ လတ်ဆတ်သည့် လေ၊ ရေနှင့် မြေဆီလွှာကိုထိန်းသိမ်းပေးနိုင်မှု စသည့်အကျိုးကျေးဇူးများအားလုံးသည် စိုက်ပျိုးခဲ့သည့်သူအတွက် ကုသိုလ်များအဖြစ် အလိုလိုရရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကုသိုလ်သည် တစ်ကြိမ်လုပ်ဆောင်ရုံဖြင့် နှစ်ပေါင်းများစွာ၊ မျိုးဆက်ပေါင်းများစွာအထိ အကျိုးဆက်များစွာ ပေးစွမ်းနေမည်ဖြစ်ကြောင်း။
ထာဝရကုသိုလ်ဖြစ်
ထို့အပြင် သစ်ပင်စိုက်ပျိုးခြင်းသည် ဇရပ်တန်ဆောင်း၊ ဂူကျောင်းပြာသာဒ် ဆောက်လုပ်လှူဒါန်းခြင်းနှင့် အခြားထာဝရကုသိုလ်များကဲ့သို့ တူညီသည့်ကုသိုလ်ကို ရရှိခံစားနိုင်ပြီး အသက်ရှည်ကျန်းမာသည့် ကုသိုလ်အကျိုးထူးတို့ကိုလည်း ရရှိနိုင်မည်ဖြစ်သည့် ထာဝရကုသိုလ်ပင်ဖြစ်ကြောင်း။
ဂေဟစနစ်ထိန်းသိမ်းရေး
ယနေ့ကမ္ဘာ၌ လူဦးရေတိုးပွားလာခြင်းနှင့်အတူ သစ်တောပြုန်းတီးခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းစသည့် အကြောင်းရင်းများကြောင့် အရေး ပါလှသည့် ဂေဟစနစ်များ ရေရှည် တည်တံ့ရေးအပေါ် ကြီးမားသည့်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝန်း၌ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး သဘာဝဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာ မဟာဗျူဟာမျိုးစုံကို အကောင်အထည်ဖော်ဆောင်ရွက်ကြသည့်အခါ၌ သစ်တောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကဲ့သို့ ထိန်းသိမ်းကာကွယ်ရေး နယ်မြေများ သတ်မှတ်ခြင်းကို အဓိကအလေးပေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း။
မြန်မာနိုင်ငံ၏ အပူပိုင်းဒေသဟုသတ်မှတ်ထားသည့် မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့နှင့် အောက်ပိုင်းဒေသတို့သည် နိုင်ငံ၏စိုက်ပျိုးရေးအတွက် အရေးပါသည့်ဒေသဖြစ်ကြောင်း၊ ဒေသခံပြည်သူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခြေခံကောင်းများရှိကြသည့် ဒေသများဖြစ်သော်လည်း မိုးခေါင်ရေရှားမှု၊ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုနှင့် ရေရရှိမှုနည်းပါးခြင်းများကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် သစ်ပင်များရှင်သန် ကြီးထွားအောင်မြင်ရန် ခက်ခဲပါကြောင်း၊ အထူးသဖြင့် ၂၀၂၄ ခုနှစ်၌ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် အယ်လ်နီညို အကျိုးသက်ရောက်မှုအရ ပြင်းထန်သည့်အပူချိန်မြင့်မားမှုဒဏ်ကို ခံစားခဲ့ရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း။
ထို့ကြောင့် နိုင်ငံတော်အနေ ဖြင့် အပူပိုင်းဒေသ၏ဂေဟစနစ် ပိုမိုကောင်းမွန်လာစေရေး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုမျှတကောင်းမွန်စေရေးတို့ကို စီမံချက်များဖြင့်ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သစ်တောဧရိယာများ တိုးပွားလာစေရေး၊ ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေးအတွက် လမ်းဘေးဝဲယာတို့တွင် သစ်ပင်စိုက်ပျိုးခြင်း၊ တစ်ရွာ(၂)ဧကဖြင့် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း အပါအဝင် ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန် မြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်နိုင်ရန် တောင်ကုန်း၊ တောင်ထိပ်များ၊ မြစ်ချောင်း၊ ဆည်တာတမံများ၏ ရေဝေရေလဲဧရိယာများ၊ ကမ်းရိုးတန်းဒီရေတောများ၊ ဂေဟစနစ်များကိုလည်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအပါအဝင် ဂေဟစနစ်များထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းလုပ်ငန်းများသည် အရေးကြီးဆုံးသော မောင်းနှင်အားဖြစ်ပြီး သဘာဝကိုအခြေခံသည့် ဖြေရှင်းခြင်းနည်းလမ်းများ (Nature-based Solutions) ဖြစ်သည့်အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားပြီး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
အလျဉ်းသင့်သဖြင့် နိုင်ငံတော်၏ သစ်တောများ ရေရှည်တည်တံ့ရေး ဆောင်ရွက်နေမှုများ နှင့်ပတ်သက်ပြီး ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများထဲ တွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက ဧရိယာဒုတိယအကြီးဆုံး နိုင်ငံတစ်ခုဖြစ်သကဲ့သို့ ပထဝီဝင်နိုင်ငံ ရေးအခြေအနေအရ သော်လည်းကောင်း၊ ဘူမိ ရူပ ထူးခြားတည်ရှိ မှုအရသော်လည်းကောင်း၊ သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း၊ မြောက်ဘက်ရေခဲတောင်များမှစပြီး တောင်ဘက်ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါကျွန်းစုဂေဟစနစ်အထိ နေရာဒေသအသီးသီးတွင် ဂေဟစနစ်မျိုးစုံကို ပိုင်ဆိုင်သည့်နိုင်ငံ တစ်ခုလည်းဖြစ်ကြောင်း။
ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်
နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု တိုးပွားလာစေရန်၊ တောရိုင်းတိရစ္ဆာန်နှင့်ထင်ရှားသည့် ဘူမိ ရူပ ထူးခြားသည့်နေရာများကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် နိုင်ငံဧရိယာ၏ (၃၀) ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ (၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းသွားရန်ရည်မှန်းချက်ဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလအတွင်း ယနေ့အထိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၆၁ ခု၊ ဧရိယာ ဧက ၆ သိန်း ၆ သောင်းကျော်နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေ ၁၆ ခု၊ ဧရိယာဧက ၆ သိန်း ၁ သောင်းကျော်ကို ဖွဲ့စည်းပေးနိုင်ခဲ့ကြောင်း၊ ယခုအချိန်ထိ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော ၁၃၂၄ ခု၊ နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၉၄ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု၊ နိုင်ငံ ဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်သဖြင့် ရည်မှန်းချက် ပြည့်မီအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း။
လက်ရှိ နိုင်ငံသားများနှင့် နောင်အနာဂတ်မျိုးဆက်သစ်များအတွက် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ဆိုင်ရာ အမွေအနှစ်ကောင်းများပေးနိုင်ရန် နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းထိ သစ်တောဖုံးလွှမ်းမှုများတိုးတက်လာအောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပြည်သူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း။
သစ်တောသယံဇာတ ပေါကြွယ်ဝမှုနှင့် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက် ဆက်စပ်နေတာဖြစ်သည့်အတွက် သစ်တောဖုံးလွှမ်းမှု တိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် သစ်၊ ဝါး၊ ကြိမ် အစရှိသည့် သစ်တောထွက် ပစ္စည်းအမျိုးမျိုး ပိုမိုထုတ်လုပ်လာနိုင်ကာ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
ပြုစုထိန်းသိမ်း
ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းကို နိုင်ငံတော်က အလေးအနက်ထားပြီး မူဝါဒချမှတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံသားအားလုံးကလည်းရှိပြီးသား သစ်ပင်သစ်တောများကို ကာကွယ်ထိန်းသိမ်းပြီး မိမိတို့ အိမ်ခြံဝင်း၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ လမ်းဘေးဝဲယာအသီးသီးတွင် အရိပ်ရပင်များ၊ လေကာပင်များ၊ ရာသီအလိုက်ဖူးပွင့်သည့် ပန်းပင်များစသည်ဖြင့် စိုက်ပျိုးကြရန်နှင့် တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်အောင်လည်း ပြုစုထိန်းသိမ်းကြရန် မှာကြားလိုကြောင်း။
နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စားရေရိက္ခာဖူလုံပြီး ကျန်းမာပျော်ရွှင်ရေးနှင့် သဘာဝဘေးအန္တရာယ်တချို့မှ ကာကွယ်နိုင်ရန်အတွက် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍသည် အဓိကကျပါကြောင်း၊ Green City, Clean City, Smart City နှင့် Green Village များဖြစ်စေရေးအတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့် အစိတ်အပိုင်းများဖြစ်ကြောင်း၊ သစ်ပင်ပန်းမန်များသည် ပတ်ဝန်းကျင်စိမ်းစိုသာယာလှပမှု သာမကလူတိုင်း၏ရင်ကိုအေးမြစေပြီး စိတ်လက်ပေါ့ပါးမှု၊ ပျော်ရွှင်ချမ်းမြေ့မှု၊ လန်းဆန်းတက်ကြွမှုနှင့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ ထိုသို့ဖန်တီးပေးနိုင်သည်ကို ဂုဏ်ယူစိတ်၊ ကြည်နူးစိတ်သည် နိုင်ငံချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ် အတွက်သန္ဓေတည်ရာ မျိုးစေ့ဖြစ်လာမည်ဖြစ်ကြောင်း၊ သစ်ပင်သစ်တောများ ရေရှည်တည်တံ့စေ ရန်အတွက် ဘက်စုံကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး သစ်တောထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းတစ်ရပ်အဖြစ် စနစ်တကျ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုသစ်ပင်စိုက်ပျိုးပွဲတော်မှသည် နိုင်ငံတစ်ဝန်း ကျေးလက်မြို့ပြများ အားလုံးစိမ်းလန်းစိုပြည်သာယာစေရန်၊ မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာမြေငြိမ်းချမ်းသာယာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဦးဆောင်စိုက်ပျိုးပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရေပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် သစ်မျိုး ၁၈ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်