Skip to main content

ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့်အဖွင့်မိန့်ခွန်း

(၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

အားလုံးပဲ မင်္ဂလာပါ

ဒီကနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြတဲ့နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ ဧည့်သည်တော်များ၊ နိုင်ငံခြားသံရုံးအသီးသီးမှသံတမန်များ၊ ဖိုရမ်မှာပါဝင်ဆွေးနွေးကြမယ့် ပြည်တွင်းပြည်ပပညာရှင်များ၊ နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနဲ့ တက်ရောက်လာကြသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်း ဆက်သအပ်ပါတယ်။

ဒီကနေ့ကစပြီး ကျင်းပမယ့်ငြိမ်းချမ်းရေးဖိုရမ်ဟာ နိုင်ငံတကာကပညာရှင်ကြီးများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်များကိုယ်တိုင် ပါဝင်တက်ရောက်ဆွေးနွေးတဲ့ပွဲဖြစ်လို့ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုမှာ ထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်ဆိုတာကို ပြောကြားလိုပါတယ်။

ယခုကျင်းပတဲ့ ဆွေးနွေးပွဲကနေတစ်ဆင့် ကျွန်တော်တို့နိုင်ငံအတွက် အဓိကလိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာ၊ သုံးသပ်အကြံပြုချက်တွေ ပြုလုပ်သွားကြမှာဖြစ်တဲ့အတွက်ဒီဖိုရမ်ကနေ ကျွန်တော်တို့နိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ကြွရောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာ…

ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းလက်နက်ကိုင်ပြဿနာကလည်း ဒွန်တွဲပါလာခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီပြဿနာကို ခေတ်အဆက်ဆက်အစိုးရတွေကလည်း တတ်နိုင်သမျှသူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းဆောင်ရွက်ခဲ့ကြပါတယ်။ လွတ်လပ်ရေးရရှိပြီးချိန်မှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပေမယ့် နိုင်ငံတော်ရဲ့သမိုင်းကြောင်းအခြေအနေများအရ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီက နိုင်ငံတော်တာဝန်များကိုရယူပြီး ဆိုရှယ်လစ်စနစ်တစ်နည်းအားဖြင့် ဗဟိုဦးစီးအစိုးရစနစ်ကို ပြောင်းလဲလျှောက်လှမ်းပြီး ၁၉၈၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကူးပြောင်းဖို့ ပြည်သူများရဲ့တောင်းဆိုချက်အရ ၁၉၈၈ ခုနှစ်မှာ တပ်မတော်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေနဲ့ ဒီမိုကရေစီကူးပြောင်းရေးကို တစ်ဆင့်ပြီးတစ်ဆင့် အသားကျဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ်တို့ကို တဖြည်းဖြည်းချင်း ပြောင်းလဲခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်ရဲ့အခြေအနေအရပ်ရပ်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီးပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်ပြုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေ လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၁ ခုနှစ်မှာ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ အောင်မြင်စွာကူးပြောင်းပေးနိုင်ခဲ့ပါတယ်။ ဒါကိုကြည့်ရင်တပ်မတော်အနေနဲ့ ဒီမိုကရေစီစနစ်ကို ယခင်ကတည်းက အလေးထား ဖော်ဆောင်ပေးခဲ့တယ်ဆိုတာကို ပြန်လည်အမှတ်ရစေလိုပါတယ်။

တပ်မတော်အနေနဲ့ ၂၀၁၅ ခုနှစ် NCA စာချုပ်ကြီးပေါ်ပေါက် လာတာနဲ့တစ်ပြိုင်တည်း ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကိုချမှတ်ပြီး ယနေ့တိုင်လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ချမှတ်လိုက်နာဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးမူဝါဒတွေဟာ NCA စာချုပ်ရဲ့အနှစ်သာရတွေဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုတွေကရရှိလာတဲ့ “အသိတရား” တွေဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လိုက်နာလုပ်ဆောင်ရမယ့် “အရှိတရား”တွေဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလမှာ ငြိမ်းချမ်းရေးညီလာခံကို (၂၁) ရာစုပင်လုံအဖြစ် အမည်ပြောင်းလဲနိုင်ရေးဆောင်ရွက်ခဲ့တာကိုလည်းတွေ့ပါတယ်။ ဒီလိုပြောင်းလဲမှုက သမိုင်းကြောင်းအရ အခက်အခဲတွေရှိလာနိုင်တဲ့အတွက် အသိပေးမှုတွေဆောင်ရွက်ခဲ့ရပါတယ်။ အဲ့ဒီကာလတုန်းက တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အတတ်နိုင်ဆုံး လိုက်လျောဆောင်ရွက်ပေးခဲ့ပါတယ်။ အရပ်ဘက်စစ်ဘက်ဆက်ဆံရေးကို မြှင့်တင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က လွှတ်တော်နဲ့ အစိုးရအနေနဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ပြောဆိုမှုတွေ၊ ပြဋ္ဌာန်းချက်တွေကို အတည်ပြုခဲ့ပြီး ဥပဒေနဲ့မညီညွတ်တဲ့ ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီဒုတိယအစိုးရလက်ထက်မှာ ဒီမိုကရေစီလမ်းကြောင်းနဲ့လွဲချော်ပြီး လက်ရှိအခြေအနေကို ရောက်ခဲ့ရတာ အားလုံးအသိပဲဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာ…

ကျွန်တော်တို့နိုင်ငံရဲ့ အန္တိမမျှော်မှန်းထားတဲ့ ရည်မှန်းချက်ကတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ “ပြည်ထောင်စုနိုင်ငံ” ထူထောင်နိုင်ဖို့ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူကရွေးချယ်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုတာက လုပ်ပိုင်ခွင့်အာဏာနဲ့ရပိုင်ခွင့်တွေကို မျှဝေခံစားစေခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဖက်ဒရယ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေနဲ့လူမျိုးစုတွေ စုစည်းလုပ်ကိုင်ရာကနေ လုပ်ပိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနဲ့ မျှဝေခံစားခြင်းတို့ပဲဖြစ်ပါတယ်။

ဒါကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီးပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် ယခုနှစ်အကုန်ပိုင်းမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိကျင့်သုံးနေတဲ့မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)အပြင် အချိုးကျကိုယ်စားပြုစနစ် (PR)စနစ်ကိုလည်း ပေါင်းစပ်ကျင့်သုံးသွားမယ်လို့ ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်ပေးမှာ ဖြစ်ပါတယ်။ စတင်တာဝန်ယူကတည်းက ရှေ့လုပ်ငန်းစဉ် အမှတ်စဉ်(၅)မှာလည်း ထည့်သွင်းချမှတ်ထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရက မူလရည်မှန်းထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲ ပြုလုပ်တယ်ဆိုရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလတွေတုန်းကလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဖဆပလခေတ်တုန်းကလည်း အခက်အခဲတွေကြားကနေ ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ အခုလည်းကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ဖို့အတွက်လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အလေးထားဆောင်ရွက်နေပါတယ်။ အဓိကကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုပါတယ်။

ယခုလက်ရှိအခြေအနေမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်အသီးသီးရဲ့ရွေးကောက်ပွဲဥပဒေများအရ ရွေးကောက်ပွဲနဲ့ လွှတ်တော်အသီးသီး ခေါ်ယူကျင်းပခြင်းတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ကြောင်းတွေ့ရှိရပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်ကျွန်တော်တို့ မူလရည်မှန်းထားခဲ့တဲ့အတိုင်း ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ ရွေးကောက်ပွဲကျင်းပပြီးတော့ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပနိုင်ရေးဟာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေပေါ်မှာ အများကြီးမူတည်ပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးရင် ဥပဒေနဲ့အညီ လွှတ်တော်အသီးသီးပေါ်ပေါက်လာပြီး နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှေးရှုဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ဖို့ ကျွန်တော်တို့ အားလုံးဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ လွှတ်တော်ပေါ်ပေါက်လာပြီး ကျွန်တော်တို့သွားချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်တဲ့အချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင်တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနဲ့ မိမိတို့ရဲ့ဆန္ဒကိုသာ ဦးစားပေးလုပ်ဆောင်ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီနဲ့ သွေဖည်နေတယ်၊ မှန်ကန်တဲ့လမ်းစဉ်မဟုတ်ဘူးဆိုတာကိုလည်း အလေးအနက် သတိပြုကြစေလိုပါတယ်။ မိမိတို့လိုလားချက်များကို လွှတ်တော်အသီးသီးမှာ ဆွေးနွေးဆုံးဖြတ်အတည်ပြုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။                                      

ကြွရောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာ…

ဒီမိုကရေစီဖော်ဆောင်ကျင့်သုံးရာမှာ ကမ္ဘာ့နိုင်ငံတချို့ရဲ့ဖြစ်စဉ်တွေအပေါ် သင်ခန်းစာရယူပြီး ပုံဖော်ဆောင်ရွက်သွားဖို့လိုပါတယ်။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကို နိုင်ငံအများက ကျင့်သုံးကြရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပုံစံတွေတူညီမှုမရှိကြပါဘူး။ အနောက်ဥရောပ နိုင်ငံတွေမှာတောင်မှ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကျင့်သုံးမှုပုံစံမတူညီပါဘူး။ အလားတူ ကျွန်တော်တို့ အာရှနိုင်ငံတွေမှာလည်း တူညီမှုမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးရာမှာ အခြားနိုင်ငံတွေကို ပုံတူကူးချသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ ကျွန်တော်တို့ မြန်မာတွေဦးစီးပြီး ဖော်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

ဒီလိုဖော်ဆောင်ရာမှာ နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့ အကျိုးစီးပွားကိုရှေ့တန်းတင်ပြီးအားလုံးစုဖွဲ့ လုပ်ကိုင်ဆောင်ရွက်သွားကြမယ်ဆိုရင် ထိရောက်အောင်မြင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့နိုင်ငံမှာ အခုမှကျင့်သုံးတာမဟုတ်ပါဘူး။ လွတ်လပ်ရေးရပြီးစကာလမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအချိန်မှာလည်း အခက်အခဲပေါင်းစုံနဲ့ တွေ့ကြုံခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၁ ခုနှစ်မှာစတင်တာဝန်ယူခဲ့တဲ့ ဒီမိုကရေစီပထမအစိုးရလက်ထက်မှာလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ အခြားကဏ္ဍပေါင်းစုံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ခဲ့ပေမယ့် စိန်ခေါ်မှုအများအပြား ကြုံတွေ့ခဲ့ရပါတယ်။ ဒါတွေကို သင်ခန်းစာရယူပြီး မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောရခြင်းပဲ ဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာ…

နိုင်ငံတော်အနာဂတ်အတွက် ပညာတတ်များရှိဖို့ လိုအပ်ပါတယ်။ ပညာရေးမှာအားနည်းရင် အတွေးအခေါ်လွဲမှားမှု၊ အယူအဆလွဲမှားမှုတွေ ဖြစ်လာတယ်လို့ သုံးသပ်ရပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ ပညာတတ်များရှိမှသာ နိုင်ငံ့အနာဂတ်ကောင်းမွန်စိတ်ချရမှာဖြစ်ပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက်ကျင့်သုံးခဲ့တဲ့ ပညာရေးစနစ်တွေကို ပြန်လည်လေ့လာသုံးသပ်ပြီး လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေနဲ့မြှင့်တင်ပြီး အားပေးဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ယနေ့ခေတ်ကာလအခြေအနေအရ ယခုကာလမှာ လူငယ်လူရွယ်တွေဟာ အနည်းဆုံး KG+9 အဆင့်အထိ သင်ကြားတတ်မြောက်ပြီးဖို့ လိုအပ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့အတွက် “တည်ငြိမ်အေးချမ်းမှု” ဟာ အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ဆန္ဒက တိုင်းရင်းသားပြည်သူအားလုံးအတွက် ညီညွတ်မျှတတဲ့ လူမှုစီးပွားဘဝလုံခြုံရေးနဲ့အာမခံချက်ရရှိရေးတို့ကသာ အဓိကဖြစ်ပါတယ်။ အေးချမ်းစွာနေထိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့ ဘဝတိုးတက်မှုကိုရရှိမှာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်ဖို့ဆိုတာ ကျွန်တော်တို့အနေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ရိုးသားပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြဖို့ အမှန်တကယ် လိုအပ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လမ်းကြောင်းကို အဓိကကိုင်စွဲပြီး လျှောက်လှမ်းလျက်ရှိပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလည်း ပြည်ပစွက်ဖက်မှုမရှိဖို့လိုသလို ပြည်တွင်းက အဖျက်အမှောင့် ပယောဂတွေ ကင်းကင်းရှင်းရှင်းနဲ့ လုပ်ဆောင်နိုင်ဖို့လည်းလိုပါတယ်။ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ စစ်မှန်ပြီးရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိ အောင်မြင်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ အပြည့်အဝ ယုံကြည်ထားပါတယ်။

နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများနဲ့ သဟဇာတဖြစ်နေဖို့ လိုအပ်တာမှန်ပေမယ့်လည်း ဩဇာခံဖြစ်မသွားဖို့ကိုတော့ အထူးသတိပြုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ သမိုင်းကြောင်း နောက်ခံများအရလွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ (၅) ချက်နဲ့အညီ စောင့်ထိန်းလိုက်နာလျက်ရှိပါတယ်။ ခွဲခြားလို့မရတဲ့ အိမ်နီးချင်းနိုင်ငံများနဲ့လည်း သဟဇာတဖြစ်တဲ့ ဆက်ဆံမှုရှိဖို့လိုအပ်သလို မိမိတို့နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကိုလည်း လိုက်နာတန်ဖိုးထားကြဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

ကြွရောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာ…

ကျွန်တော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူပြီးတာနဲ့တစ်ပြိုင်တည်း အရင်ဆုံးဦးစားပေးဆောင်ရွက်ခဲ့တာကတော့ ထာဝရငြိမ်းချမ်းရေးပါပဲ။ ဒါ့ကြောင့် ငြိမ်းချမ်းရေးအတွက် ကော်မတီတွေကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး လက်ရှိအချိန်ထိငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို အမြဲတမ်းလမ်းဖွင့်ထားပြီး ကြိုတင်သတ်မှတ်ချက်တွေ မရှိတဲ့ဆွေးနွေးပွဲတွေအတွက် ဖိတ်ခေါ်ကမ်းလှမ်းမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တာကို အားလုံးသိမြင်ပြီးသား ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မိမိတို့ရဲ့ဆန္ဒနဲ့ မိမိတို့အဖွဲ့အစည်း အကျိုးစီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြည်ထောင်စုနဲ့တိုင်းရင်းသားပြည်သူများအားလုံးရဲ့ အကျိုးစီးပွားကို စိတ်ရင်းစေတနာမှန်နဲ့ ရှုမြင်သုံးသပ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင်လုပ်ဆောင်ကြဖို့ ကျွန်တော့်အနေနဲ့ အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး သဘောထားကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်စီလိုလားချက်တွေကို လက်နက်ကိုင်တဲ့လမ်းစဉ်နဲ့ တောင်းဆိုနေကြတာကတော့ မှားယွင်းတဲ့လမ်းစဉ် ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြမှသာ အမှန်ကန်ဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ မိမိတို့ရဲ့လိုလားချက်တွေကို နိုင်ငံရေးနည်းလမ်းနဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ဖို့အတွက် အားပေးဆောင်ရွက်သွားကြဖို့ ပြောကြားလိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ တက်ညီလက်ညီနဲ့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပြည်ထောင်စုကြီးတည်ဆောက်နိုင်ဖို့ လုပ်ဆောင်ရာမှာ ပြည်တွင်းပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးဟာ အသက်တမျှ အရေးကြီးလှပါတယ်။ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်း သူအဖွဲ့တွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက်လည်း အကြိမ်ကြိမ်ဖိတ်ခေါ်ကမ်းလှမ်းထားခဲ့ပါတယ်။ နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ထားပါကြောင်း ဒီဖိုရမ်ကနေထပ်ဆင့်အသိပေးပြောကြားလိုပါတယ်။

ကြွရောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာ…

ဒီနေ့ကျင်းပမယ့် ဖိုရမ်မှာ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းမျိုးစုံက ပုဂ္ဂိုလ်အားလုံးပါဝင်ကြပါတယ်။ ဒီဖိုရမ်ကို အားလုံးပါဝင်တဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲ(Inclusive National Dialogue) တစ်ရပ်ဖြစ်စေဖို့အတွက် ကျွန်တော်တို့ဘက်က ငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်သူ အားလုံးကို ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း တချို့တလေ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်ကြပါဘူး။ ကျွန်တော်တို့ကတော့ နိုင်ငံနဲ့ပြည်သူလူထုရဲ့ မျက်နှာကိုကြည့်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်းလက်ကမ်းကြိုဆိုပါတယ်။ သက်ဆိုင်သူအားလုံး ပါဝင်နိုင်ပြီး စောနိုင်သမျှစောပြီး ဆွေးနွေးနိုင်ရင် နိုင်ငံအတွက် ပိုမိုကောင်းမှာဖြစ်လို့ တွေ့ဆုံဆွေးနွေးရေးအတွက် ထပ်မံဖိတ်ခေါ်အပ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာ ပုံသေသတ်မှတ်ပြဋ္ဌာန်းထားနိုင်တဲ့အရာ မဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ရရှိပေါက်ဖွားလာတဲ့ ရလဒ်ကောင်းတွေနဲ့ ဖော်ဆောင်ကြရမှာသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး အရင်ဆုံးတွေ့ဆုံဆွေးနွေးကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်စီ တာဝန်ရှိကြတာပဲ ဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးတံခါးကို ကျွန်တော်တို့အနေနဲ့ အစဉ်ဖွင့်လှစ်ကြိုဆိုလျက်ရှိနေပါတယ်။ ဒါကြောင့် လက်နက်ကိုင်အဖွဲ့အစည်း တွေအားလုံးက မိမိတို့ရဲ့လိုလားချက်တွေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာရေးကို အားပေးဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ “လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့အတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်မှာ အတူတကွ လက်တွဲလျှောက်လှမ်းကြပါစို့” လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။