နေပြည်တော် ဇွန် ၂၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်မှ ၂၁ ရက်ထိကျင်းပပြုလုပ်သည့် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် Drug Security Forum သို့ တက်ရောက်ခဲ့သည်။
ဖိုရမ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်က speaker အဖြစ်တက်ရောက်၍ ဆေးဝါးများစဉ်ဆက်မပြတ် ပြည့်စုံလုံလောက်စွာ လက်လှမ်းမီရရှိနိုင်ရေးအတွက် နိုင်ငံများအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံက လက်ရှိဆောင်ရွက်ပေးလျက်ရှိသည့် ဆေးဝါးမှတ်ပုံ တင်ရေးလုပ်ငန်းစဉ်နှင့် ရုရှားနိုင်ငံမှထုတ်လုပ်သည့် ဆေးဝါးများတင်သွင်းသည့် လုပ်ငန်းစဉ်ဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားနိုင်ငံ Rosatom ကုမ္ပဏီမှ တာဝန်ရှိသူများအား စိန့်ပီတာစဘတ်မြို့၌ လက်ခံတွေ့ဆုံ၍ ရုရှားနိုင်ငံ၏ အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရေးနှင့် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရေးနှင့် ဆေးကုသမှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတွင် ရုရှားနိုင်ငံမှကူညီပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဇွန် ၁၉ ရက် မနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး မစ္စတာမီခေးမူရက်စ်ကိုနှင့် ညီလာခံကျင်းပရာ အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ၂၀၂၅ ခုနှစ် မတ်လက နိုင်ငံတော်အကြီးအကဲခရီးစဉ်၌ နှစ်နိုင်ငံကျန်းမာရေး ဝန်ကြီးဌာနများအကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MOU) တွင်ပါရှိသည့် ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ နှစ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေးနှင့် လေ့ကျင့်သင်ကြားပေးရေးကိစ္စရပ်များ၊ တောင်ကြီး စဝ်စံထွန်းဆေးရုံကြီး အဆင့်မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ ထုတ်လုပ်သည့်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ တင်သွင်းရောင်းချနိုင်ရေးအတွက် MOU လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ အဏုမြူရောင်ခြည်ဖြင့် ဆေးကုသမှုလုပ်ငန်းများနှင့် မျိုးရိုးဗီဇကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
ဇွန် ၂၁ ရက် မနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိန့်ပီတာစဘတ်မြို့ရှိ Geropharm ဆေးဝါးကုမ္ပဏီ၏ ဆေးဝါးထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်