နေပြည်တော် ဇွန် ၉
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုလုပ်ငန်းကော်မတီ (ဆဋ္ဌမအကြိမ်) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးအင်ကြင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ လုပ်ငန်းကော်မတီဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) နှင့် ရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ကော်မတီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးများက ဗီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးမင်းသူက လုပ်ငန်းကော်မတီအနေဖြင့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတထိန်းသိမ်းရေးဆိုင်ရာများအနက် စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှုလုပ်ထုံးလုပ်နည်းများ အတည်ပြုနိုင်ရေး တင်ပြထားပြီး ဖြစ်ကြောင်း၊ ငါးလုပ်ငန်းဦးစီး ဌာနနှင့် သစ်တောဦးစီးဌာနတို့၏ ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း (ICM) ပထမငါးနှစ်စီမံချက် ရေးဆွဲအကောင်အထည်ဖော်မှုကို ဗဟိုကော်မတီ (သတ္တမအကြိမ်) အစည်းအဝေးတင်ပြမည်ဖြစ်ကြောင်းနှင့် အခြားဌာနများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြနိုင်ရေးတိုက်တွန်းပါကြောင်း။
ကမ်းရိုးတန်းနေ လူမှုအသိုက် အဝန်းမြှင့်တင်ရန် ICM ကို အကောင်အထည်ဖော်ခြင်း၊ ဂေဟစနစ်အခြေပြု ချဉ်းကပ်နည်းကျင့်သုံးခြင်း၊ ရေရှည်တည်တံ့သော ငါးဖမ်းခြင်းအလေ့အကျင့်ကို တွန်းအားပေးခြင်း၊ အစားထိုးအသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖော်ဆောင်ခြင်း၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို အသက်ဝင်လာအောင်ဆောင်ရွက်ခြင်း၊ ပင်လယ်ပြင် ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေသည့် မဟာဗျူဟာများ ဖော်ထုတ်ခြင်းတို့ကို အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အမှာစကားပြောကြားပြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတထိန်းသိမ်းရေးရာ အသိပညာပေးဗီဒီယိုပြသသည်။
ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးက ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြကာ ဒုတိယဝန်ကြီး ဦးမင်းမင်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်