Skip to main content

အမှတ်(၄)အထည်စက်ရုံ(ပွင့်ဖြူ)၊ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)နှင့် မကွေးစက်မှုဇုန်စီမံကိန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေ ၃၁ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ရှိ အမှတ်(၄) အထည်စက်ရုံ(ပွင့်ဖြူ)မှ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အမှတ်(၄)အထည် စက်ရုံ(ပွင့်ဖြူ)အနေဖြင့် စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ ယခုဘဏ္ဍာနှစ်အတွက် သတ်မှတ်ထားသည့် ထုတ်လုပ်မှုလျာထားချက်ကို ပြည့်မီကျော်လွန်အောင် ဆောင်ရွက်သွားရန်နှင့် စက်ရုံရပ်နားခဲ့ရသည့် ကာလများအတွက် ပြန်လည်အစားထိုးဖြည့်တင်းထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေး ကြိုတင်စီမံပြင်ဆင်ရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။

ဇွန် ၁ ရက် နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုပြီး ပြည်တွင်းစက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများတွင် ကုန်အမှတ်တံဆိပ်၊ အရည်အသွေးများဖော်ပြမှသာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သို့ရောက်ရှိပြီး သင်တန်းကျောင်းရှင်းလင်းဆောင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကိုမှာကြား၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်