Skip to main content

လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၆ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉ သိန်းနှင့် ဘိန်းဖြူ ၁၃၄ ကီလို ဖမ်းဆီးရမိ

နေပြည်တော် မေ ၃၀

လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၆ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉ သိန်းနှင့် ဘိန်းဖြူ ၁၃၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ် အင်ပင်ကျေးရွာအုပ်စု ရေနီလေးတံတားအနီး သတင်းအရ စောင့်ဆိုင်းနေစဉ် မေ ၂၀ ရက် ည ၁၁ နာရီတွင် အောင်နန်းချို ကျေးရွာဘက်မှ ပျဉ်းမနားမြို့ဘက်သို့ ဇင်မျိုးထက်အောင် (ခ)ကုလားလေး မောင်းနှင်ပြီး မင်းခန့်ကျော်နှင့် မြတ်စိုးဦး (ခ) စူပါတို့ လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်နှင့် သူရိန်ကိုကို မောင်းနှင်ပြီး ကျော်မျိုးလှိုင် (ခ) ကျော်ကြီး၊ နေဦးရှိန်တို့ လိုက်ပါလာသည့် CHEVROLET အမျိုးအစားမော်တော်ယာဉ်နှစ်စီးတို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသည့် ဒေသတန်ဖိုးငွေကျပ် ၆ ဒသမ ၃၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉၉၄ သိန်းနှင့် ပလတ်စတစ်ဆပ်ပြာ ခွက် ၁၃၄၂၀ ခွက် အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၃၄ ဒသမ ၂ ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား လယ်ဝေးမြို့နယ် အောင်နန်းချိုကျေးရွာ အနီး၌ လွှဲပြောင်းပေးခဲ့သူ သက်ထူးမောင်ကို မေ ၂၁ ရက် နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့ ပန်းခင်းလမ်းရှိ ဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်း ပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခိုင်းသူ များမှာ ဖယ်ခုံမြို့နေ ပေါလု(ခ)ပေါလူချမ်းနှင့် စိုးလွင်တို့ဖြစ်ပြီး မူးယစ်ဆေးဝါးများ တာဝန်ခံသယ်ဆောင်သူမှာ ရမည်းသင်းမြို့နယ်နေ သိန်းစံထွန်း(ခ) ကုလားလေးဖြစ်ကြောင်း သိရှိရ သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်း ဝယ်ရာမှရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှု များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်