Skip to main content

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ရာဇာမဏိစူဠာကောင်းမှုတော်စေတီတော်၏ စိန်ဖူးတော်ပင့်ဆောင်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စီတီးရပ်ကွက်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ရာဇာမဏိစူဠာကောင်းမှုတော်စေတီတော်၏ စိန်ဖူးတော်ပင့်ဆောင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံ တော်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံတို့က ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော ရာဇာမဏိစူဠာကောင်းမှုတော် စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်မည့် အခြေအနေများကို သီတဂူဆရာတော်ကြီးထံ လျှောက်ထားတင်ပြကြပြီး ဩဝါဒခံယူကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် ရာဇာမဏိစူဠာကောင်းမှုတော် စေတီတော်ကြီး၏ စိန်ဖူးတော်အား စက်ယန္တရားကြီးဖြင့် မြေပြင်သို့ ပင့်ဆောင်နေမှုကို ကြည့်ရှုဖူးမြော်ကြသည်။ ယင်းနောက် စိန်ဖူးတော်ကြီးအား သီတဂူဆရာတော် ကြီးထံဆက်ကပ်ပြီး စိန်ဖူးတော်ရတနာကြုတ်အတွင်းပါရှိသော ရတနာပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

အဆိုပါ ရာဇာမဏိစူဠာကောင်းမှုတော် စေတီတော်ကြီး၏ စိန်ဖူးတော်ရတနာ ကြုတ်အတွင်း၌ ရွှေကွပ်ထားသောကြေးပြား အရွယ်ဆိုက်စုံ ၅၄ ပြား၊ စိန်ဖူးခြုပ်အပေါ်ပိုင်း၊ စိန်ဖူးခြုပ်အောက်ပိုင်း၊ ငွေဟု ယူဆရသော စတီးစိန်ဖူးအထိုင်၊ မြသပိတ်တော်ခြုပ်၊ ငွေဒင်္ဂါပြားနှင့် အကြွေစေ့ဆိုက်စုံ ၂၉ ပြား၊ နားကပ် ၁၄ ခု၊ လက်စွပ် ၅ ကွင်း၊ ကျောက်မျိုး စုံ ၁၃၇ လုံး၊ ရွှေအစအသေး ၃ ဆ၊ ဓာတ်တော်ကြုတ် ပုလင်း ၂လုံး နှင့် စိန်ဖူးကြုတ်ရွှေ အလေးချိန်(ကျောက်အပါ) ၄၃ ကျပ် ၅ ပဲသား ပါရှိကြောင်းနှင့် အဆိုပါပစ္စည်းများကို တာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်