Skip to main content

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၃၀

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နိုင်ငံတကာမှသံတမန်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးပညာရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအား “ပြန်လည်ထူထောင်ရေး သီချင်းဖြင့် ဂုဏ်ပြုဖွင့်လှစ်ပြီး “မြေငလျင်ဘေးအလွန် အကျပ်အတည်းများအကြားမှ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ကာ ကျော်လွှားကြမည် Video Clip ကို ကြည့်ရှုကြသည်။

ယင်းနောက် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တစ်မိနစ်ငြိမ်သက်ကြသည်။

ရည်ရွယ်ချက် (၃) ရပ်ဖြင့်ကျင်းပ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖိုရမ်ကြီးကို မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများပြန်လည်ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင်ဖြစ်ပေါ်လာမည့် ပြည်တွင်းပြည်ပ ဈေးကွက်စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်းမွန်စေမည့် အခွင့်အလမ်းများနှင့် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများကို သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းကထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင် များအချင်းချင်း ပေါင်းစည်းမြှင့်တင်နိုင်စေရန်ဟူသည့် ရည်ရွယ်ချက် (၃) ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း။

မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးနေသူ ၆၈ ဦးရှိခဲ့ပါကြောင်း၊ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးပြီးချင်း၌ပင် ပျက်စီးဆုံးရှုံးမှုပမာဏများပြားသည် ကိုတွေ့ရသည့်အတွက် မိမိအနေဖြင့် ချက်ချင်းဆိုသကဲ့သို့ ကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေး လုပ်ငန်းများတွင် ပြည်တွင်းပြည်ပမှ အကူအညီများ ပေးအပ်နိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၃၁၀၉ ဒသမ ၃၁၇ ရရှိခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၀၇၀ ကျန်းမာရေးစောင့်ရှောက်ရေးပညာရှင်များနှင့် ဆရာဝန်များ ၂၈၇ ဦးတို့ လာရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြကြောင်း။

ငလျင်လှုပ်ပြီးချိန်တွင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် အကူအညီများသည် လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းခရီးများမှတစ်ဆင့် ရောက်ရှိလာခဲ့ကြကြောင်း၊ ယင်းအတွက် မန္တလေးငလျင်ကြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီခဲ့ကြသည့် နိုင်ငံများမှအစိုးရများနှင့် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအလှူရှင်များနှင့် ကယ်ဆယ်ရေးဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းကို နိုင်ငံတော်အစိုးရနှင့် မြန်မာပြည်သူများကိုယ်စား ပြောကြားလိုကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် မိမိတို့နိုင်ငံ၏ လူမှုစီးပွား ပျက်စီးဆုံးရှုံးမှုများသည် အလွန်ကြီးမားခဲ့ကြောင်း၊ တွက်ချက်ထားမှုအရ ငွေကျပ် ၃၆၂၉ ဒသမ ၂၀၈ ဘီလီယံရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်နှင့် မိမိတို့အားလုံးဆောင်ရွက်နေပြီ ဖြစ်ကြောင်း။

ယနေ့ကျင်းပသည့်ဖိုရမ်သည် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မြန်မာ့စီးပွားရေးကို မည်သို့ပြန်လည်ကုစားမည်၊ မည်သို့ပြန်လည် ထူထောင်ကြမည်၊ ထိုသို့ ပြန်လည်ကုစား၊ ပြန်လည်ထူထောင်မှုများမှ မည်သည့်အခွင့်အလမ်းများရှိလာ နိုင်မည်ကို လူမှုစီးပွားအမြင်ရှုထောင့်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာပညာရှင်များ၏ သုံးသပ်မှုများ၊ လက်တွေ့ထိခိုက်ခံစားခဲ့ရသည့် စီးပွားရေးနယ်ပယ်အသီးသီးမှ အကြံပြုချက်များကို စုစည်းဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ ယနေ့ မိမိတို့ ယခုနေရာကို စုဝေးရောက်ရှိလာကြခြင်းသည် မိမိတို့မည်မျှဆုံးရှုံးခဲ့သည်ကို တွက်ချက်ဖော်ပြဝမ်းနည်းနေကြခြင်းထက် မီးလျှံထဲကဇာမဏီငှက်ကဲ့သို့ မိမိတို့ မည်သို့ပြန်လည်နိုးထရုန်းကန်ရှင်သန်ကြမည်၊ မည်သို့ပြန်လည်တည်ဆောက်ကြမည်၊ ယင်းထက် အရေးကြီးသည်မှာ မည်သို့ပိုပြီး ကောင်းအောင်တည်ဆောက်ကြမည်ဆိုသည်ကို နိုင်ငံချစ်စိတ်အခြေခံပြီး စည်းလုံးချစ်ခင် ရင်းနှီးစွာ ဆွေးနွေးတိုင်ပင်ကြရန်ပင်ဖြစ်ကြောင်း။

ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှား

မန္တလေးငလျင်ကြီးသည် ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုများဖြစ်ခဲ့ရုံမျှမက မိမိတို့၏ လူမှုစီးပွားဘဝများ၊ သယ်ယူပို့ဆောင်ရေးများ၊ စွမ်းအင်များ၊ ဆက်သွယ်ရေးများကိုပါ ဖျက်ဆီးဖြတ်တောက်ခဲ့ကြောင်း၊ အသက်များဆုံးရှုံးခဲ့ရပြီး ငလျင်ဘေးသင့်ပြည်သူများသည် နေရပ်များယာယီရွှေ့ပြောင်းခဲ့ရကြောင်း၊ ပြည်သူများ၏ စိတ်ဓာတ်ခွန်အားကို ထိခိုက်စေခဲ့သကဲ့သို့ မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင်လည်း ရိုက်ခတ်မှုများ အထိုက်အလျောက်ရှိခဲ့ကြောင်း၊ သို့သော်လည်း ယခုမိမိတို့သည် အင်အားရှိလှသည့် အမှန်တရားတစ်ခုနှင့် နိုးထလာခဲ့ကြကြောင်း၊ ယင်းအမှန်တရားသည် မြန်မာလူမျိုးများ၏ ပြင်းပြသည့်စိတ်ဓာတ်နှင့် စုစည်းညီညွတ်မှုသည် ငလျင်ကြောင့် ကျိုးပဲ့ပျက်စီးသွားမှုမရှိဘဲ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်လွှားသွားနိုင်မည်ဟု မိမိအနေဖြင့် အခိုင်အမာပြောလိုကြောင်း။

မိမိ၏ ယခုဆွေးနွေးပြောဆိုမှုသည် တွေးတောစဉ်းစားမှုတစ်ခုသာမျှမကဘဲ လမ်းပြမြေပုံတစ်ခုအတွက် အုတ်မြစ်ချခြင်းဟုလည်းပြောလိုကြောင်း၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးအလွန် စီးပွားရေးပြန်လည် ကုစားကြရာတွင် မိမိတို့၏ စုပေါင်းရှုမြင်မှုများနှင့်အတူ ဆောင်ရွက်သင့်သည့် မဟာဗျူဟာမြောက် မဏ္ဍိုင်ကြီးသုံးရပ်ကို မိမိသုံးသပ်ပြောကြားလိုကြောင်း။

ယင်းသုံးရပ်မှာ ပထမမဏ္ဍိုင်အဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများနှင့် လူမှုကာကွယ်ရေး (Humanitarian relief and social protection)၊ ဒုတိယမဏ္ဍိုင်အဖြစ် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေးပြန်လည်ရှင်သန်ခြင်း (Infrastructure reconstruction and economic revival) နှင့် တတိယမဏ္ဍိုင်အဖြစ် ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုများ (Reform anchored in resilience and inclusivity) စသည်တို့ ဖြစ်ကြကြောင်း။

ပိုမိုထိရောက်အောင် အရှိန်မြှင့်ဆောင်ရွက်

ပထမဆုံးမဏ္ဍိုင်ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများနှင့် လူမှုကာကွယ်ရေးအနေဖြင့် ငလျင်သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီး မိမိတို့၏ဦးစားပေးမှုသည် ရိုးရှင်းပြီး အဆောတလျင်လုပ်ရမည့်ကိစ္စဖြစ်သည့့် အသက်များကို ကယ်တင်ရန်နှင့် လူမှုအသိုက်အဝန်းတည်ငြိမ်မှုရရှိစေရန် မိမိတို့စတင်လုပ်ဆောင်ခဲ့ကြကြောင်း၊ အစိုးရအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအကြားတွင် သိသာထင်ရှားသည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ကျယ်ကျယ်ပြန့်ပြန့်ရရှိအောင်ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ လည်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဆောင်ရွက်နေခြင်းများအပေါ်တွင် ပိုမိုထိရောက်အောင် အရှိန်မြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

ငလျင်ကြီးကြောင့် လူပေါင်းခြောက်သိန်းခန့်အပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးအိမ်ရွှေ့ပြောင်းခဲ့ရကြောင်း၊ ငလျင်ဘေး ကြီးမားစွာခံစားရသည့်ဒေသများတွင် ငလျင်လှုပ်အပြီး (၇၂) နာရီအတွင်း အရေးပေါ်ရွက်ဖျင်တဲများကို တည်ဆောက်ပေးခဲ့ကြောင်း၊ သန့်ရှင်းသည့်ရေ၊ အစားအသောက်နှင့် ဆေးဝါးများကိုလည်း ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ငလျင်ကြောင့် ပျက်စီးခဲ့သည့်ဒေသများတွင် ရွှေ့ပြောင်းဆေးရုံနှင့် ဆေးခန်းများဖွင့်လှစ်နိုင်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း၊ လူမှုအသိုက်အဝန်းကြား အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အသက်ဘေးကလွတ်မြောက်လာသူများ၏ စိတ်ထိခိုက်ခံစားမှုများအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ကြကြောင်း။

သို့သော်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများဆိုသည်မှာ သက်သာသွားရုံဖြင့် ရပ်တန့်ပစ်၍မရကြောင်း၊ ယင်းအကူအညီများကို လူမှုကာကွယ်ရေးစနစ်တစ်ခုအတွင်းသို့ ကူးပြောင်းပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ယာယီနေအိမ်မှ ငလျင်ဒဏ်ခံနိုင်သည့် အမြဲတမ်းနေအိမ်များ ဆောက်လုပ်ပေးခြင်း၊ နေရာရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည့် ကလေးငယ်များကို လုံခြုံစိတ်ချရသည့် ကျောင်းများနှင့် စာသင်ခန်းများတွင် တက်ရောက်နိုင်စေရေးဆောင်ရွက်ပေးခြင်းနှင့် ပင်မဝင်ငွေဆုံးရှုံးခဲ့ရသည့် မိသားစုများအတွက် အရေးပေါ်အသက်မွေး ဝမ်းကျောင်းထောက်ပံ့ငွေများ ပံ့ပိုးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသည် လူမှုအကာအကွယ်ပေးမှုအစီအစဉ်၏ အစိတ်အပိုင်းများဟုပြောနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပထမမဏ္ဍိုင်သည် ပြည်သူ့အရေးဦးတည်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။

ဒုတိယမဏ္ဍိုင်ဖြစ်သည့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းနှင့် စီးပွားရေး ပြန်လည်ရှင်သန်စေရန်ကိုလည်း ဆောင်ရွက်နေကြောင်း၊ ငလျင်ကြောင့်ဖြစ်ပေါ်ရသည့် စီးပွားရေးကဏ္ဍထိခိုက်ဆုံးရှုံးမှုများသည် ကြီးမားလှကြောင်း၊ လမ်းများသည် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး တံတား များ ပြိုကျခဲ့ကြောင်း၊ MSME များမှအစ စက်ရုံအလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့ကြကြောင်း။

ပြန်လည်ထူထောင်ရေးများ ဦးစားပေး

သို့သော်လည်း အကျပ်အတည်းများထဲမှ အခွင့်အလမ်းများရှိနေသည်ကို မိမိတို့သတိပြုရမည်ဖြစ်ကြောင်း၊ ယခုအချိန်သည် ပြန်လည်တည်ဆောက်ရုံသက်သက် ကာလမဟုတ်ကြောင်း၊ ပိုပြီးကောင်းမွန်သည့် ပိုပြီးစိမ်းလန်းသည့် လူမှုဝန်းကျင်များကို ပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အလမ်းများလည်းရှိနေကြောင်း၊ မိမိတို့သည် ကြံ့ကြံ့ခံသည့် အခြေခံအဆောက်အအုံများဖြင့် ပြန်လည်ထူထောင်ရေးအမျိုးသားအဆင့် အစီအစဉ်ကို စနစ်တကျလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်တွင် ပြည်တွင်းရန်ပုံငွေများ၊ အစိုးရနှင့် ပုဂ္ဂလိကတို့၏ မိတ်ဖက်ဆောင်ရွက်မှုများ (public-private partnerships) နှင့် နိုင်ငံတကာအကူအညီများကို ထည့်သွင်းပါဝင်စေပြီး အဓိကကျသည့် နယ်ပယ် (၅)ခုတွင် ပြန်လည်ထူထောင်ရေးများ ဦးစားပေးလုပ်ဆောင်သင့်ကြောင်း။

ယင်းနယ်ပယ်များမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ စိုက်ပျိုးရေး၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် အများပြည်သူပိုင်အဆောက်အအုံများပင် ဖြစ်ကြကြောင်း၊ အခြေခံအဆောက်အအုံများပြန်လည် တည်ဆောက်ခြင်းနှင့်အတူမိမိတို့သည် မြန်မာ့စီးပွားရေး၏ ကျောရိုးပမာဖြစ်နေသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား MSME လုပ်ငန်းများ ပြန်လည်ရှင်သန်လာအောင်လည်း အာရုံစိုက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့သည် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ကြမည်ဟုလည်း မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ထူထောင်ရေးဖိုရမ်ကဲ့သို့ ပွဲမျိုးကျင်းပခြင်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့သောဖိုရမ်တွင် ပြန်လည်ထူထောင်ရေးဇုန် (Recovery zones) များကို သတ်မှတ်ခွင့်ပြုခြင်း၊ လုပ်သာကိုင်သာရှိသည့် သက်သာခွင့်မက်လုံးပေးခြင်းနှင့် ESG-focused regulations ဟုခေါ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုဝန်းကျင်ဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်မှုကောင်းမွန်ရေး အခြေခံသည့်လုပ်ထုံးလုပ်နည်းများကိုပါ ဖော်ထုတ်ပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည်ဟုယူဆကြောင်း။

ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်

တတိယမဏ္ဍိုင်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ပြုခြင်း (Reform and Global Partnerships) အစီအစဉ်များပင်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ခြင်းဟုဆိုလိုက်ပါက ရုပ်ပိုင်းဆိုင်ရာ ထက်ကျော်လွန်ပြီး အဓိပ္ပာယ်သက်ရောက်မှုရှိသည်ဟု ပြောရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ခြင်းသည် ပြုပြင်ပြောင်းလဲခြင်းနှင့် ပြန်လည်အသစ်တည်ခြင်းတို့၏ လုပ်ငန်းစဉ်တစ်ခုဟု ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာ၌ မိမိတို့သည် ကာလရှည်ချဉ်းကပ်မှုကြီးသုံးခုကို လုပ်ဆောင်သင့်ပြီး ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်အတွက် အသင့်ပြင်ဆင်ထားရှိမှု၊ ငွေကြေးဘဏ္ဍာရေးအရ တာဝန်ယူမှု တာဝန်ခံမှုနှင့် အားလုံးခြုံငုံသည့် ဖွံ့ဖြိုးတိုးတက်မှုများပင်ဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ် အသင့်ပြင်ဆင်ထားရှိမှုကို ချဉ်းကပ်လုပ်ဆောင်ရာတွင် မိမိတို့သည် သဘာဝဘေးအန္တရာယ်မြင့်မားမှုရှိနေသည့် နေရာပြ အမျိုးသားအဆင့် မြေပုံတစ်ခုကို နောက်ဆုံးအချက်အလက်များနှင့်အတူရေးဆွဲပြီး အခြေခံဆောင်ရွက်သင့်ကြောင်း၊ အချက်ပေးစနစ်များ စောစီးစွာတပ်ဆင်ကြရမည်ဖြစ်ပြီး ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းစဉ် အဆင့်ဆင့်ကို ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်ပြီးပြန်လည်ရေးဆွဲကြရန်လိုကြောင်း။

ဘဏ္ဍာရေးဆိုင်ရာ တာဝန်ယူမှုတာဝန်ခံမှုဆိုရာတွင်လည်း မိမိတို့သည် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေများခွဲဝေသုံးစွဲမှုများကို ထင်သာမြင်သာရှိစေရမည်ဖြစ်ပြီး အလေအလွင့်မရှိစေရေးနှင့် တိုးတက်ရေးအတွက် အမြဲစောင့်ကြပ်ကြည့်ရှုမည့် ယန္တရားများကိုလည်း ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။    

တတိယချဉ်းကပ်မှုဖြစ်သည့် အားလုံးခြုံငုံပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုဟူသည်မှာ အမျိုးသမီးများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ပြည်သူအားလုံး ခြုံငုံပါဝင်စေမည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း။

မိတ်ဖက်များနှင့်အတူ လက်တွဲဆောင်ရွက်

မိမိတို့၏ ပြန်လည်ထူထောင်ခြင်းအစီအစဉ်များကို ဆောင်ရွက်ကြသည့်အခါ နိုင်ငံတကာနှင့် ဒေသဆိုင်ရာမိတ်ဖက်များနှင့်အတူ လက်တွဲဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အာဆီယံနှင့်ဒေသတွင်း နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ငလျင်ဘေးပြန်လည်ထူထောင်ခြင်းကို ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံဆောင်ရွက်ကြရန် လိုအပ်သည်ကိုလည်း သုံးသပ်ပြောကြားလိုကြောင်း၊ ပြန်လည်တည်ဆောက်ခြင်းဟူသည်မှာ ပြန်လည်နာလန်ထူအောင် လုပ်ဆောင်ခြင်းသာမကဘဲ အနာဂတ်တွင် လုံခြုံအာမခံမှုရှိသည့် နိုင်ငံတစ်နိုင်ငံကို ဖန်တီးတည်ဆောက်ခြင်းလည်းဖြစ်သည်ဟု ပြောလိုကြောင်း၊ အနာဂတ်တွင် အခြေခံအဆောက်အအုံများသည် ကြံ့ကြံ့ခံနိုင်ပြီး အုပ်ချုပ်မှုတွင် တာဝန်ခံမှုတာဝန်ယူမှုရှိသည့်၊ မျှတစွာဖွံ့ဖြိုးတိုးတက်သည့် အခြေခံကောင်းများရှိနေရမည်ဖြစ်ကြောင်း။

မိမိတို့အစီအစဉ်တွင် ပါဝင်ကြရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအနေဖြင့် မိမိတို့ကိုထောက်ခံအားပေးရုံမျှမကဘဲ “အမြင်သစ်မြန်မာနိုင်ငံ (A new vision of Myanmar) အတွက် မိမိတို့နှင့်အတူ ရင်းနှီးမြှုပ်နှံပေးကြရန် ဖိတ်ခေါ်လိုကြောင်း၊ ယင်းအနာဂတ်မြန်မာနိုင်ငံကို ပိုပြီးစည်းလုံးညီညွတ်သည့်၊ ပိုပြီးခြုံငုံပါဝင်ကြသည့်၊ အနာဂတ်ကိုအသင့်ဖြစ်နေမှု ပိုပြီးခိုင်မာနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် မိမိတို့ပုံဖော်တည်ဆောက်လိုပြီး တည်ဆောက်ရန်လည်း လိုအပ်ပါကြောင်း။

အမျိုးသားအရင်းအနှီးများဖြစ်

မိမိတို့ပြည်သူများအနေဖြင့်လည်း ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပြသခဲ့ကြသည့် ပြည်သူများ၏ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနှင့် ဇွဲလုံ့လများသည် မိမိတို့နိုင်ငံအတွက် အကြီးမားဆုံးသော အမျိုးသားအရင်းအနှီးများဖြစ်သည်ဟု ဂုဏ်ပြုပြောကြားလိုကြောင်း၊ နိုင်ငံကို ပြန်လည်ထူထောင်ကြမည့်ခရီးရှည်တွင် မိမိတို့ပြည်သူများသည် မိမိတို့ကိုဦးဆောင်ခေါ်သွားမည့် ယုံကြည်မှုအလင်းတန်းများ ဖြစ်ကြသည်ဟုလည်း တင်စားပြောကြားလိုကြောင်း၊ မိမိတို့ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုး ကျရောက်လာသည့်အချိန်တွင် ယခုကဲ့သို့ “ We are Stronger, We are Together” ဟူသည့် စိတ်သဘောထားခံယူချက်များကို ဆက်လက်မွေးမြူပြီး ကြံ့ကြံ့ခံကျော်လွှားပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

ယခုဆွေးနွေးပွဲကြီး၏ ရလဒ်များသည် မြန်မာနိုင်ငံ၏အနာဂတ်ကို လှပစွာပုံဖော်ရာ၌ အားကောင်းသည့်ကောက်ကြောင်းပုံရိပ်များအဖြစ် အကျိုးပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဆွေးနွေးပွဲမှရရှိလာသည့် အတွေးအမြင်များ၊ ဗဟုသုတများ၊ ရလဒ်ကောင်းများကို မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချမှတ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်အောင် ဝိုင်းဝန်းကြံဆောင်ပေးကြရန်နှင့် အနာဂတ်နိုင်ငံတော်ကြီးကို ပိုမိုလှပသည့်အနာဂတ်ကို  ပိုမိုထွန်းလင်းသောအလင်းတန်းများနှင့်အတူ ဖန်တီးပုံဖော်တည်ဆောက်ပေးကြပါရန် တိုက်တွန်းပြောကြား လိုကြောင်း ဆွေးနွေးပြောကြားသည်။

အခက်အခဲများကိုလည်း ကျော်လွှားနေရဆဲဖြစ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် အနည်းငယ်ဖြည့်စွက်ဆွေးနွေးပြောကြားလိုကြောင်း၊ သဘာဝဘေးဒဏ်များကြုံတွေ့ရမှုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ပြီးချိန်နောက်ပိုင်း ရာသီဥတုဖောက်ပြန်မှုများ ကြောင့်သာမကဘဲ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုများကိုပါ ကျော်လွှားခဲ့ရကြောင်း၊ အလားတူ နိုင်ငံရေး သဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများကိုလည်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကျော်လွှားခဲ့ရကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကိုလည်း ကျော်လွှားနေရဆဲဖြစ်ကြောင်း။

ထိခိုက်ပျက်စီးမှု ပိုမိုများပြားခဲ့

အလားတူ ၂၀၂၃ ခုနှစ်တွင် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်း တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးဒဏ်များကိုခံစားခဲ့ရကြောင်း၊ ယခုနှစ် မတ် ၂၈ ရက်တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့်ဒေသများတွင် မန္တလေးတိုင်းဒေသကြီး၌ ထိခိုက်ပျက်စီးမှုပိုမိုများပြားခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ ဒုတိယစီးပွားရေးအကြီးဆုံး မြို့တော်ဖြစ်ကြောင်း၊ ၎င်းဒေသ၌ အလတ်စားအဆင့် ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ခြင်းများရှိပြီး ငလျင်ကြောင့် ထိခိုက်ခဲ့ရကြောင်း၊ ဘိလပ်မြေနှင့်သံမဏိများသည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သည့် ပစ္စည်းများဖြစ်၍ အမြန်ဆုံးပြန်လည်ပြုပြင်၍ လည်ပတ်နိုင်ရေး မိမိတို့အနေဖြင့် စီမံဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဘိလပ်မြေဈေးများမှာ မြင့်တက်လာသဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ သံနှင့်ပတ်သက်၍လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မှုမရှိသေးသဖြင့် ပြည်ပနိုင်ငံများမှ အကူအညီများရရှိနိုင်ရေး မိမိအနေဖြင့် အသိပေးဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း။

စက်ရုံအလုပ်ရုံများလည်ပတ်နိုင်ရေး ကုန်ကြမ်း၊ သွင်းအားစုများဖြစ်ကြသည့် လောင်စာနှင့် လျှပ်စစ်ဓာတ်အား၊ ရင်းနှီးမြှုပ်နှံမှုငွေကြေးနှင့် လုပ်အားများလိုအပ်ကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဒေသတွင်းထုတ်လုပ်နိုင်သည့် ကုန်ကြမ်းများဖြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံချိန်များ၌ မိမိအနေဖြင့် အမြဲတိုက်တွန်းပြောကြားခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်လာနိုင်မည် ဆိုပါကပြည်တွင်း၌ ကုန်ပစ္စည်းများပေါများလာမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ လည်ပတ်မှုရှိနေပါက အလုပ်အကိုင်အခွင့်အလမ်းများပေါများပြီး ငွေကြေးလည်ပတ်မှုများကို ကောင်းမွန်လာစေကာ ဝယ်လိုအားနှင့်ရောင်းလိုအားများလည်း မျှတကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများလည်ပတ်၍ ငွေကြေးလည်ပတ်မှုများကောင်းမွန်အောင် မဖြစ်မနေဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒုတိယအကြီးမားဆုံး ကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်မြေဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအတွင်း ပိုမိုအာရုံစိုက်၍ ဆောင်ရွက်သွားကြရန် လိုကြောင်း။

ပို့ကုန်များပိုမိုတိုးတက်အောင် တင်ပို့နိုင်အောင်ထုတ်လုပ်

မိမိတို့နိုင်ငံ၏ GDP မှာ နည်းပါးနေသေးကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့် ပစ္စည်းများတွင် ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့် ပစ္စည်းများ ပိုမိုထုတ်လုပ်တင်ပို့ရောင်းချနိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု၌ ၂ ဒသမ ၃ ဘီလီယံခန့် ပိုငွေပြခဲ့ကြောင်း၊ သို့သော် Non Trade တွင် လိုငွေပြသမှုများပြားကြောင်း၊ မိမိတို့အစိုးရလက်ထက် ၄ နှစ်အတွင်း ပထမနှစ်တွင် ကုန်သွယ်မှုပိုငွေပြပြီး ဒုတိယနှင့်တတိယနှစ်တို့တွင် ကုန်သွယ်မှုလိုငွေများပြခဲ့ကြောင်း၊ စတုတ္ထနှစ်တွင် ကုန်သွယ်မှုပိုငွေပြခဲ့ပြီး စုစုပေါင်း ၄ နှစ်တာကာလအတွင်း ကုန်သွယ်မှုပိုငွေပြခဲ့ကြောင်း၊ သို့သော် Non Trade တွင် လိုငွေပြမှုများကြောင့် နိုင်ငံခြားငွေဈေးများ မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားရခြင်းများကို စိစစ်သည့်အခါတွင် ပြည်ပသို့ထွက်ခွာမှုများများပြားသည် ကိုတွေ့ရပြီး နိုင်ငံခြားငွေသုံးစွဲမှုများပြားကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေများ ပြန်လည်ရရှိစေရေး စက်ရုံအလုပ်ရုံများလည်ပတ်၍ ပို့ကုန်များပိုမို တိုးတက်အောင်တင်ပို့နိုင်အောင် ထုတ်လုပ်သွားရန်လိုကြောင်း၊ ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ဆောင်ရွက်နေကြသူများအနေဖြင့် ပိုမိုလည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိ၏ စီးပွားရေးနှင့်ပတ်သက်သည့်မူဝါဒမှာ “ပစ္စည်း ချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေးပိုမိုကောင်းမွန်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ဈေးကွက်တွင် ရောင်းအားများပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ အရေအတွက်များများ ရောင်းချထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အလားတူ ပြည်တွင်းထုတ်ကုန်များကိုလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ Non Trade မှ လိုငွေများတွင် ပြည်ပမှ တရားမဝင်ပစ္စည်းတင်သွင်းမှုများလည်းပါဝင်ပြီး တရားမဝင်ရောင်းဝယ်မှုများရှိကြောင်း၊ ပြည်ပမှ မှာယူတင်သွင်းသည့် ပစ္စည်းများပြားနေသည်ကို တွေ့မြင်နေရပြီး ယင်းနေရာတွင် ပြည်တွင်းထုတ်ကုန်ပစ္စည်းများဖြင့် အစားထိုးနိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်ခန့်ကတည်းက MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အရည်အသွေးမြင့် MSME ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိနေသည်ကို မိမိတို့အနေဖြင့် တွေ့မြင်ရကြောင်း၊ သို့သော်လည်း အဆိုပါထုတ်ကုန်ပစ္စည်းများသည် စားသောက်ကုန်ကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းအများစုဖြစ်နေသည်ကို တွေ့မြင်ရကြောင်း၊ နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်မည့် MSME ထုတ်ကုန်ပစ္စည်းများကို ဆက်လက်တိုးမြှင့်ထုတ်လုပ်သွားကြရန် လိုအပ်မည်ဟု ပြောကြားလိုကြောင်း။

ရင်းနှီးမြှုပ်နှံမှုငွေများလိုအပ်မည်

ရင်းနှီးမြှုပ်နှံမှုငွေကြေးများနှင့်ပတ်သက်၍ ငလျင်နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုငွေများ လိုအပ်မည်ဖြစ်ပြီး ပုဂ္ဂလိကနှင့် အစိုးရပူးပေါင်း၍ ချေးငွေများဆောင်ရွက်ပေးနိုင်ရန် တင်ပြမှုများရှိကြောင်း၊ အတိုးများတွက်ချက်ရာတွင် Developing နှင့် Commercial ဟူ၍ရှိမည်ဖြစ်ပြီး Developing လုပ်ငန်းများတွင် အတိုးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ Commercial နှင့်ပတ်သက်၍လည်း နှစ်ပိုင်းရှိမည်ဖြစ်ပြီး ငလျင်ဒဏ်သင့်ဒေသများတွင်ရှိသည့် Commercial အတိုးနှုန်းနှင့် အခြားဒေသများရှိ Commercial အတိုးနှုန်းဟူ၍ဖြစ်ကြောင်း၊ ဖြစ်နိုင်သ၍ အတိုးနှုန်းသက်သက်သာသာဖြင့်ဖြစ်စေရေး တာဝန်ရှိသူများ၊ အတွေ့အကြုံရှိသူများအနေဖြင့် ဆွေးနွေးဆောင်ရွက်သွား ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများအတွက် ချေးငွေများဆောင်ရွက်ပေးနိုင်ရေး ငွေကျပ် ဘီလီယံ ၇၀၀ ကိုလျာထားပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ပတ်သက်၍လည်း မိမိတို့ထံတွင် လက်ကျန်ငွေကျပ် ၂၂၆ ဘီလီယံခန့်ရှိကြောင်း၊ ယင်းငွေများကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက်လည်း ထုတ်ပေးသွားလိုကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို စက်ရုံ၊ အလုပ်ရုံများတွင် အကျိုးရှိရှိသုံးစွဲသွားနိုင်ရေးအတွက်လည်း ထည့်သွင်းဆွေးနွေးပေးစေလိုကြောင်း။

မိမိတို့အနေဖြင့် စီးပွားရေးမြှင့်တင်ရေးကို ကြိုးစားရမည်ဖြစ်သကဲ့သို့ တစ်ဖက်မှလည်း ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ ယင်းကို ဖြေရှင်းနိုင်သည့်နည်းလမ်းမှာ ကုန်ထုတ်လုပ်မှုပင်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုမရှိဘဲ ကုန်ဈေးနှုန်းကျဆင်းရန်မှာ မည်ကဲ့သို့မျှ မဖြစ်နိုင်ကြောင်း၊ ဝယ်လိုအားနှင့်ရောင်းလိုအား၊ ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့မျှတအောင် မိမိတို့အရင်းဖြင့် ဦးစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက် ဒေသတွင်းကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စီမံကိန်းစီးပွားရေးစနစ်ကိုသွားသည့် နိုင်ငံတစ်ခုမဟုတ်ဘဲ ဈေးကွက်စီးပွားရေးစနစ်ကိုသွား သည့်နိုင်ငံဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မူဝါဒချမှတ်ပေးခြင်းသာဖြစ်ပြီး ပုဂ္ဂလိကများ၊ လုပ်ငန်းရှင်များက လုပ်ဆောင်ရမည်ဖြစ်ကာ ထိုသို့လုပ်ဆောင်နိုင်မှသာလျှင် ကုန်ဈေးနှုန်းများ ကျဆင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေး၊ သောက်ရေးတို့အတွက် လိုအပ်သည့် ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်သွား ရန်၊ ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းများ ပြည့်မီအောင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုမရှိခြင်းကြောင့် နိုင်ငံ့ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၈ ဘီလီယံမှ ၁၁ ဘီလီယံအထိ ဆုံးရှုံးမှုရှိနေကြောင်း၊ ထို့အတူ သီးထပ်စွမ်းအားများ ပြည့်မီရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက ကုန်ထုတ်လုပ်မှုစွမ်းအားမြင့်တက် လာမည်ဖြစ်ပြီး အရည်အသွေးပြည့်မီသည့်ထုတ်ကုန် ပစ္စည်းများကို ပြည်ပသို့ ပိုမိုတင်ပို့သွားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီဝင်တည်ရှိနေမှု အနေအထားအရ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများ၏ ကြီးမားသည့်ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးသွားကြစေလိုကြောင်း။

ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ အဆောက်အအုံများ၊ လမ်း၊ တံတားများရှိပြီး ထိခိုက်ပျက်စီး ခဲ့ရမှုများကို သင်ခန်းစာယူကြရန်လိုကြောင်း၊ နောင်အနာဂတ်တွင် အဆောက်အအုံများ ဆောက်လုပ်ရာ၌ ရစ်(ခ်)တာစကေး ၈ အဆင့်အထိ ခံနိုင်ရည်ရှိသည့် အဆောက်အအုံများကို ဆောက်လုပ်သွားရန် မူဝါဒချမှတ်ပေးထားပြီးဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အနာဂတ်နိုင်ငံသားများ အတွက်သာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြင့် ကြပ်မတ်ကွပ်ကဲသွားကြရန်လိုကြောင်း၊ ငလျင်သဘာဝဘေးနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ငွေကြေးကုန်ကျမှုများကိုမကြည့်ဘဲ ယခုထက် ပိုသည့်၊ စိတ်ချရသည့်၊ ခိုင်ခံ့မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ခံယူဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုဆွေးနွေးပွဲတွင် ငလျင်သဘာဝဘေးအလွန် ပြန်လည်ထူထောင်ခြင်းနှင့်စပ်လျဉ်း၍ မည်ကဲ့သို့ဆောင်ရွက်ရန် လိုအပ်သည်ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် အကြံပြုတိုက်တွန်းလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် သာသနာရေးဝန်ကြီးဌာန အနုပညာဦးစီးဌာန အနုပညာရှင်များက “မြန်မာပြည် ဇာမဏီ သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဓာတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှု

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ကို မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ ပြည်ပ ဈေးကွက်စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်းမွန်စေမည့် အခွင့်အလမ်းများနှင့် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများကို သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းပေါင်းစည်းမြှင့်တင်နိုင်ရန်ရည်ရွယ်၍ မေ ၃၀ မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်