Skip to main content

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် သတင်းမှန် အချိန်မီပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်

တရားမဝင်ကုန်သွယ်မှုကြီးထွားနေပါက တရားဝင်ကုန်သွယ်မှုကို ထိခိုက်စေသလို ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း ဆုံးရှုံးနစ်နာစေသည်ဟု သာမန်အားဖြင့် ဆိုနိုင်သည်။ သို့ရာတွင် ပြည်တွင်း၌ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများရှိနေပြီး ဒေသအချို့၌ တည်ငြိမ်အေးချမ်းမှုမရှိသည့် အခြေအနေမျိုးတွင်မူ တရားမဝင်ကုန်သွယ်မှုများက လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများကို မီးလောင်ရာ လေပင့်ပေးသကဲ့သို့ ပိုမိုဆိုးရွားလာစေနိုင်သည်။

“တရားမဝင်ကုန်သွယ်မှုများသည် ရာဇဝတ်ကျူးလွန်မှု၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ငွေကြေးထောက်ပံ့မှုအပါအဝင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်စေသည့်အတွက် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်ဆောင်ရွက်သွားရန်" ယခုနှစ် မတ်လ ၁၉ ရက်တွင် ကျင်းပသည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့သည်။ မိမိတို့နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြေမျက်နှာပြင် အနေအထားအရလည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေများအရလည်းကောင်း တရားမဝင်ကုန်သွယ်မှုများကို လုံးဝပိတ်ဆို့တားဆီးနိုင်ရန် ခက်ခဲသည်။ သို့ရာတွင် တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းများမှပင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများလည်း ဖြတ်သန်းသယ်ဆောင်နေကြခြင်းဖြစ်ရာ ထိထိရောက်ရောက် စစ်ဆေးဖော်ထုတ်ဖမ်းဆီးနိုင်ရန်လိုသည်။

တရားမဝင်ကုန်သွယ်မှုများကို နှစ်အလိုက်ဖမ်းဆီးနိုင်မှုတန်ဖိုးများအရ ၂ဝ၂၂ ခုနှစ်တွင် ကျပ် ၆၅ ဘီလီယံဖိုး၊ ၂ဝ၂၃ ခုနှစ်တွင် ကျပ် ၁၃၅ ဘီလီယံကျော်ဖိုး၊ ၂ဝ၂၄ ခုနှစ်တွင် ကျပ် ၂၂၃ ဘီလီယံဖိုး စသည်ဖြင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်ဖမ်းဆီးနိုင်ခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများ၏ ကုန်သွယ်မှုပို့ကုန်၊ သွင်းကုန်ခြားနားချက်များအရ နောက်ထပ်ပမာဏများစွာ ဖမ်းဆီးနိုင်ရန်လိုအပ်နေသည်ဟု သိရသည်။ “အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံအနက် မြန်မာနိုင်ငံအနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် အဆင့် ၉ သာရရှိနေသည်ကို တွေ့ရှိရသည့်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း" တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။ သို့ဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကိုပါ ထိခိုက်စေသည့်အပြင် အမျိုးသားရေးဂုဏ်သိက္ခာအရပါ မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်ကြရမည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် သတင်းရရှိရေးသည် အဓိကပင်ဖြစ်ရာ တိကျခိုင်လုံသည့် သတင်းအမှန်ကို သက်ဆိုင်ရာက အချိန်မီရရှိရန်လိုသည်။ သတင်းပေးပြည်သူများက သတင်းပေးသည့်အတွက် ဖမ်းဆီးရရှိသည့်အမှုအပေါ်မူတည်၍ နိုင်ငံတော်ကအကျိုးအမြတ်များ ထောက်ပံ့ပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ပေးခြင်း စသည့်ခံစားခွင့်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပြီးခဲ့သည့်ဧပြီလအတွင်း တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးရမိမှုတန်ဖိုးငွေ ခန့်မှန်းခြေအားဖြင့် ကျပ် ၁ဝ၅၉၂ ဒသမ ၈၅၄ သန်းရှိခဲ့ရာ ၎င်း၏ ၂ဝ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၂၁၁၈ ဒသမ ၅၇၀ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးခဲ့သည်ဟု သိရသည်။ တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်စပ်လျဉ်း၍ လက်ကိုင်ဖုန်း ဝ၉-၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်း ဝ၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antillegaltradeinfo@gmail.com သို့ သတင်းပို့တိုင်ကြားနိုင်ကြသည်။ နိုင်ငံအတွက် အဘက်ဘက်မှ နစ်နာဆုံးရှုံးစေသည့်အပြင် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုပါထိခိုက်စေသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် လူတိုင်းပါဝင်ကြရပါမည့်အကြောင်း။  ။