နေပြည်တော် မေ ၂၇
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အဦတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အဦသို့ ရောက်ရှိကြပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ အန္တရာယ်ရှိသည့် အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရုံးခန်းအဆောက်အဦများ၌ ထိခိုက်ပျက်စီးမှု၊ ရုံးအဆောက်အဦရှေ့၌ Prefabricated Office များဖြင့် ယာယီရုံးခန်းများ ဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အလုပ်သမားဝန်ကြီးဌာန၌ Prefabricated Office များဖြင့် ယာယီရုံးခန်းများ ဖွင့်လှစ်၍ လုပ်ငန်းလည်ပတ်မှုပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရုံးခန်းများအလိုက် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အဦပတ်လမ်းအတိုင်း ထိခိုက်ပျက်စီးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ငလျင်ဆိုင်ရာပညာရှင်များ၊ ဆောက်လုပ်ရေးဆိုင်ရာပညာရှင်များဖြင့် စစ်ဆေးချက်များအရ ရုံးအဆောက်အဦအား အပိုင်းအလိုက် ပြန်လည်ပြုပြင်တည်ဆောက်နိုင်မည့် အခြေအနေများ၊ ဖြိုချဖျက်ဆီးရမည့် အပိုင်းများကို စနစ်တကျဖြိုချဖျက်ဆီးသွားမည့် အခြေအနေများ၊ ရုံးအနောက်ဘက်ခြမ်း၌ မြေထိန်းနံရံကို စနစ်တကျဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာနရုံးအဆောက်အဦတို့သည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုကြီးမားခဲ့ရသည့် အဆောက်အဦများစာရင်း၌ ပါဝင်ကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဖြစ်စေရေးအတွက် ငလျင်ဆိုင်ရာပညာရှင်များ၊ ဆောက်လုပ်ရေးဆိုင်ရာပညာရှင်များ၏ အကြံဉာဏ်များရယူခြင်း၊ မြေအရည်အသွေးစမ်းသပ်စစ်ဆေးခြင်း၊ စနစ်တကျတွက်ချက်၍ တည်ဆောက်ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ကနဦးဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်၍ ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေးဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။