Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦများအား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များလမ်းညွှန်မှာကြား

နေပြည်တော် မေ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ လွှတ်တော်အဆောက်အဦများတွင် မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုများကို ပြန်လည်ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အမှတ် (၁) ဂိတ်အဝင်ကြိုးတံတားနှင့် မုခ်ဦး၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော်အဆောက်အဦ၊ ဇဗ္ဗူသီရိခန်းမဆောင်နှင့် အမျိုးသားလွှတ်တော်အဆောက်အဦတို့ ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦများအား စနစ်တကျဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်သွားရန်နှင့် ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေရှည်ခိုင်ခံ့တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် နည်းပညာကျွမ်းကျင်သူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။