Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ ဧရာဝတီတံတား(ရတနာပုံ) ကြံ့ခိုင်မှုနှင့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် စစ်ကိုင်းမြို့နယ် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် စစ်ကိုင်းမြို့နယ် နန်းဦး မြိုသစ် ဝန်ထမ်းအိမ်ရာနှင့် ဧရာဝတီတံတား (ရတနာပုံ) ကြံ့ခိုင်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် စစ်ကိုင်းမြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် နန်းဦးမြို့သစ် ဝန်ထမ်းအိမ်ရာများ ထပ်မံတည်ဆောက်မည့်နေရာနှင့် ဝန်ထမ်းများ ယာယီနေရာချထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်း၌ တံတားကြံ့ခိုင်မှုအတွက် တိုင်းတာ စစ်ဆေးနေမှုအခြေအနေများနှင့် တံတားတစ်လျှောက် ထိခိုက်ပျက်စီးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဧရာဝတီတံတား (ရတနာပုံ) အနီးရှိ ရှင်းလင်းဆောင်သို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက အန္တရာယ်မရှိစေရေး နေ့စဉ်ကြံ့ခိုင်မှုအား စစ်ဆေးရန်နှင့် ကြံ့ခိုင်မှု စစ်ဆေးချက်မှတ်တမ်းများ စနစ်တကျ သိမ်းဆည်းရန်၊ တံတားပေါ်သို့ ခွင့်ပြုတန်ချိန် ယာဉ်များသာ ဖြတ်သန်းသွားလာနိုင်ရေး အထူးဂရုပြုကြပ်မတ်ရန်၊ နေ့စဉ်တိုင်းတာစစ်ဆေးချက်များ ထူးခြားမှုရှိပါက ရုံးချုပ်သို့ ချက်ချင်းသတင်းပို့ရန် မှာကြားသည်။

အဆိုပါ ဧရာဝတီတံတား (ရတနာပုံ) သည် အင်အားပြင်း ငလျင်ဒဏ်ကြောင့် တံတားကြီး၏ ပြောင်းလဲသွားသည့် အစိတ်အပိုင်းများ၊ ပျက်စီးသွားသော ချုပ်တန်း များအား အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြင်ဆင်မည့်ပစ္စည်း များမရရှိသေးမီအချိန်အတွင်း နေ့စဉ်တိုင်းတာ စစ်ဆေးလျက်ရှိပြီး ရုံးချုပ်သို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်