နေပြည်တော် မေ ၂၀
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ထမ်းအိမ်ရာများမှ အပြာရောင်အဆင့်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လူနေတိုက်ခန်းများ၌ ဝန်ထမ်းမိသားစုများ ပြန်လည်နေထိုင်လျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ဝန်ကြီးဌာနတာဝန်ရှိသူများက ဝန်ထမ်းအိမ်ရာအလိုက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေး၊ စားသောက်နေထိုင်ရေးဆိုင်ရာများကို စီမံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်
ဝန်ထမ်းအိမ်ရာများ စစ်ဆေးရာတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိရပ်ကွက်နှင့် သပြေ ၂ ၊ သပြေ ၄ အဆောင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အဖွဲ့သည် ဘောဂသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်နှင့် သဇင် ၅ ၊ သဇင် ၆ ၊ သဇင် ၇ အဆောင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့သည် ဉာဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်နှင့် သဇင် ၁ ၊ သဇင် ၂ အဆောင်များကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် အိမ်သုံးဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်