Skip to main content

ဒုတိယဝန်ကြီး ဦးအေးကျော် ဓာတ်အားခွဲရုံများမှ ပုံမှန်ဓာတ်အား ဖြန့်ဖြူးပေးထားမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၄)၊ ဓာတ်အားခွဲရုံ အမှတ် (၇)၊ လယ်ဝေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝင်းအတွင်းရှိ ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံများမှ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများနှင့် နေပြည်တော်အင်ဂျင်နီယာချုပ်ရုံး၏ ပစ္စည်းစီမံရေးဌာန စတိုအဆောက်အအုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အတွင်း ရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၄)နှင့် ဓာတ်အားခွဲရုံ အမှတ်(၇)တို့သို့ရောက်ရှိ စစ်ဆေးပြီး ဒုတိယဝန်ကြီးက ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်သွားရန်၊ ဓာတ်အားဖြန့်ဖြူးမှုပြ Single Line Diagram နှင့် Location Map များကို တိုးချဲ့တည်ဆောက်ထားသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများပါဝင်ရေး Update ပြုလုပ်သွားရန် မှာကြားကာ ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းမိသားစုများ စနစ်တကျ နေရာချထားပေးမှုအခြေအနေများနှင့် သီးပင်စားပင် စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် လယ်ဝေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝင်းအတွင်းရှိ ၃၃/၁၁ ကေဗွီ မြို့တွင်းဓာတ်အားခွဲရုံသို့ ရောက်ရှိစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံအနီးတစ်ဝိုက် လုံခြုံရေးနှင့် သန့်ရှင်းရေးအမြဲမပြတ်လိုက်လံ စစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားဖြန့်ဖြူးမှု ဧရိယာကျယ်ပြန့်လာသည်နှင့်အမျှ ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု ကျဆင်းရေးတို့ကို အထူးအလေးအနက်ထား ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများကို တာဝန်ခွဲဝေပေးမှုများ စနစ်တကျ သတ်သတ်မှတ်မှတ် တာဝန်ပေးဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် နေပြည်တော် အင်ဂျင်နီယာချုပ်ရုံး၏ ပစ္စည်းစီမံရေးဌာန စတိုအဆောက်အအုံသို့ ရောက်ရှိကြပြီး ဒုတိယဝန်ကြီးက ပစ္စည်းများ လက်ခံ/ ထုတ်ပေးဆောင်ရွက်ရာတွင် First In First Out စနစ်ဖြင့် ထုတ်ပေးဆောင်ရွက်သွားရန်၊ ရရှိ/ထုတ်ပေး/သုံးစွဲ/လက်ကျန်စာရင်းများ စနစ်တကျ စာရင်းပြုစုသွားကြရန်၊ ဓာတ်အားလိုင်းများ အဟောင်းအသစ်လဲလှယ်ရာမှ ထွက်ရှိလာသော ဆယ်တင်ပစ္စည်းအားသုံးစွဲ၍ရသည့် ပစ္စည်းများစာရင်း သေချာစွာပြုစု၍ လိုအပ်သည့်နေရာများတွင် ထုတ်ယူသွားစေရန်နှင့် ကျန်သုံးစွဲ၍မရသော ဆယ်တင်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားစေရေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်