ရန်ကုန် မေ ၁၄
ရန်ကုန်မြင်းစီးအသင်း ပြန်လည်ဖွဲ့စည်းရေးနှင့် မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊ ရန်ကုန်မြင်းစီးအသင်းတို့နှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ရန်ကုန်မြင်းစီးအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ တက်ရောက်ကြသည်။
ပူးပေါင်းဆောင်ရွက်
ဦးစွာ ဒုတိယဝန်ကြီးက ရန်ကုန်မြင်းစီးအလုပ်အမှုဆောင်အဖွဲ့သစ်ကို စနစ်တကျရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ဆောင်ရွက်ရန်၊ မြင်းစီးအားကစား ပိုမိုတိုးတက်အောင်မြင်ရန်၊ မြင်းစီးအဖွဲ့ချုပ် ဖွဲ့စည်းပုံစည်းမျဉ်းတွင် ကလပ်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေးဆွဲရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသူများက ရန်ကုန်မြင်းစီးအသင်းအမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရေးနှင့် မြင်းစီးအားကစား တိုးတက်အောင်မြင်စေရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေးကြရာ ဒုတိယဝန်ကြီးက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး မြင်းစီးအားကစားဖြင့် နိုင်ငံတကာနယ်ပယ်တွင် မြန်မာနိုင်ငံအဆင့်အတန်းကို ပြသနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်