နေပြည်တော် မေ ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မိတ္ထီလာခရိုင်အတွင်း မြေအောက်ရေအရင်းမြစ်များ ပိုမိုအသုံးချနိုင်ရေးဒေသနေပြည်သူများ စိုက်ပျိုးရေနှင့် သောက်သုံးရေပိုမိုဖူလုံစွာ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ပျော်ဘွယ်မြို့နယ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော တမာကိုင်းချောင်း မြေအောက်တမံ (၁)၊ (၁-က)၊ (၂-က) တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြေအောက်တမံတည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးစံချိန်စံညွှန်းပြည့်မီအောင် တည်ဆောက်ကြရန်နှင့် မြေအောက်တမံတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးပါက အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ မြေအောက်ရေမြင့်တက်လာမှု၊ သောက်သုံးရေ၊ စိုက်ပျိုးရေတိုးတက်ရရှိမှုကို အမြဲစောင့်ကြည့် မှတ်တမ်းတင်ကြရန်နှင့် စိုက်ပျိုးရေပိုမိုရရှိလာမှုအပေါ် အခြေခံ၍ သီးနှံများ တိုးတက်စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကျေးလက်နေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်ဆည်ကန်ပြုပြင်ဆောင်ရွက်မည့် အခြေအနေနှင့် ယာယီရေပိုလွှဲတည်ဆောက်မည့် လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ရေဝင်ရောက်မှုအပေါ် မူတည်၍ မိုးစပါးစိုက်ပျိုးရေပေးဝေနိုင်ရေး၊ တူးမြောင်းများအလိုက် ရေပေးဝေနိုင်မည့် ဧကများကို တောင်သူများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ရေအလေလွင့်မရှိသုံးစွဲကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် သာစည်မြို့နယ်အတွင်းရှိ စမုံရေထိန်းတမံပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက မိုးမကျမီလုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက်ဆောင်ရွက်ကြရန်၊ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီရေးဆောင်ရွက်ကြရန်၊ ရေထိန်းတမံပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပါက ဆည်ရေသောက်ဧရိယာများတွင် စိုက်ပျိုးရေအမြန်ဆုံးပေးဝေနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စမုံရေထိန်းတမံ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅ ခုနှစ် ဇွန်လတွင် အပြီးဆောင်ရွက်ပြီး ၂၀၂၅ ခုနှစ် မိုးရာသီမှစ၍ ရေသိုလှောင်မည်ဖြစ်ပြီး တမံမူလလျာထား မိုးစပါးစိုက်ဧကများ ပြန်လည်ရေပေးဝေရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်