နေပြည်တော် အောက်တိုဘာ ၈
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ စောမြတ်ထွဋ်ဝင်းက ၎င်းတို့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) သည် -
၁။ ကရင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု အားလုံး၏ စားဝတ်နေရေး ဖူလုံစေရန် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည့်အပြင် ကရင် ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရေး စီစဉ်ဆောင်ရွက်ပါမည်။
၂။ နိုင်ငံသားများ၏ စားဝတ်နေရေးအတွက် အိမ်နီးချင်းထိုင်းနိုင်ငံအား မှီခိုရခြင်းမှကင်းလွတ်စေရန် ကရင်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့် အလမ်းများကို ကြိုးပမ်းဖန်တီးသွားပါမည်။ ထိုသို့ ကြိုးပမ်းသည့်ကာလ အတွင်း တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော တိုင်းရင်းသားမျိုးနွယ်စု အားလုံးအတွက် နိုင်ငံတကာနှင့် နှစ်နိုင်ငံကြား သဘောတူထားသည့် ဥပဒေများနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများရရှိရေး ကြိုးပမ်းလုပ်ဆောင်သွားမည်။
၃။ စိုက်ပျိုးရေးအပါအဝင် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် တန်းတူအဆင့် ရောက်ရှိရန်အလို့ငှာ အရင်းအနှီးနှင့် နည်းပညာအထောက်အကူ ပံ့ပိုးမှုများရရှိရေး ဆောင်ရွက်မည်။ လက်ရှိမြဝတီနယ်စပ်ကုန်သွယ်ရေး ဂိတ်အပြင် အနာဂတ်တွင် မဲသဝေါနှင့် ဘုရားသုံးဆူဒေသများ၌ ဂိတ်သစ် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။
၄။ လူငယ်များ၏အနာဂတ်ကို ခြိမ်းခြောက်နေသော မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်းများ လျော့နည်း ကျဆင်းရေးနှင့် လုံးဝပပျောက်ရေးအတွက် အထူးစီမံချက်များ ချမှတ်လျက် ကြီးကြပ်ဆောင်ရွက်သွားမည်။
၅။ ကရင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာများကို မြှင့်တင်ပေးနိုင်ရန်အတွက် မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့်နှင့် ကောလိပ်၊ တက္ကသိုလ်များ၌ သင်ကြားလေ့လာ ဆည်းပူးခွင့် ရရေး တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်မည်။
၆။ ကရင်ပြည်နယ်တွင် ရေရှည်တည်တံ့ပြီး စစ်မှန်ခိုင်မြဲသော တကယ့် ငြိမ်းချမ်းရေးရရှိရန် သက်ဆိုင်သူ(Stakeholder)အားလုံးနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်။
၇။ ငြိမ်းချမ်းမှုရရှိလာသည်နှင့်အမျှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း (Hotel & Tourism) ကို သဘာဝပတ်ဝန်းကျင်အား မထိခိုက်စေဘဲ မြှင့်တင်ဆောင်ရွက် သွားမည်။
၈။ ကရင်ပြည်နယ်အတွင်းရှိ လယ်ယာဥယျာဉ်ခြံမြေများ၏ ပိုင်ဆိုင် လုပ်ကိုင်ခွင့်နှင့်စပ်လျဉ်း၍ ဒေသခံတိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းစဉ်လာများနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းညှိနှိုင်း ဆောင်ရွက်ပါမည်။
၉။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများတွင် အခြားပြည်နယ်၊ တိုင်းများထက် မလျော့သည့် ဝန်ဆောင်မှုရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်။
၁၀။ လူမျိုးရေးအရသော် လည်းကောင်း၊ ဘာသာရေးအရသော် လည်းကောင်း ခွဲခြားဆက်ဆံ ဖိနှိပ်ချုပ်ချယ်မှုများ မရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်။
အထက်ဖော်ပြပါ သဘောထားခံယူချက်များအပြင် မိမိပါတီ၏နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနှင့် သယံဇာတ၊ လူမှုရေး၊ ကရင်အမျိုးသားရေးတို့နှင့် ပတ်သက်သော ထုတ်ပြန်ထားပြီးဖြစ်သည့် အခြေခံမူဝါဒများကိုလည်း ကျင့်သုံးအကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အထူးသဖြင့် နိုင်ငံရေးအခြေခံမူဝါဒ၏ ပထမဆုံးအချက်ဖြစ်သော “အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ပြည်နယ်များဖြင့် ဖွဲ့စည်းသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်သွားရန်”ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ထို့ကြောင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် “တန်းတူညီမျှဖွံ့ဖြိုးဖို့ KNDP ကို မဲပေးစို့” ဆောင်ပုဒ်အတိုင်း လောကပါလ တရားသုံးပါး ဖြစ်သည့် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တန်းတူခြင်းတည်းဟူသော အခြေခံသဘောတရားများနှင့်အညီ ကျင့်ကြံအားထုတ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
- ကျွဲချိုဖားစည်နေဝန်းနီ၊ ပြည်သူ့ဘဝမြှင့်တင်မည်။
- ကိုယ့်ကြမ္မာကိုယ်ဖန်ဖို့ရယ် KNDP ကိုမဲပေးမယ်။
- တန်းတူညီမျှဖွံ့ဖြိုးဖို့ KNDP ကိုမဲပေးစို့။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)၏
နိုင်ငံရေးမူဝါဒ(၆)ချက်
၁။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ပြည်နယ်များဖြင့် ဖွဲ့စည်းသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မည်။
၂။ စစ်မှန်သည့်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်း တည်ဆောက်မည်။
၃။ မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတစ်ရပ်ရပ်၏ ဩဇာကိုမျှ မခံယူဘဲ လွတ်လပ်သည့်ပါတီအဖြစ် ရပ်တည်သွားမည်။
၄။ ရည်မှန်းချက်တူညီသော တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့ပြီး ပူးပေါင်း ဆောင်ရွက်သွားမည်။
၅။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အခြေခံမူများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်။
၆။ နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေ အရပ်ရပ်အပေါ် စဉ်ဆက်မပြတ်ဝေဖန် သုံးသပ်လျက် ဘက်မလိုက် သည့် အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးမည်။
ကျွဲချိုဖားစည် နေဝန်းနီ
တေးရေး - စောအောင်ကျော်နိုင်(စောရှားဘူးဖော့)
တေးဆို - နန်းဒိုင်ဖော့ခလိန်း
(ကရင်အမျိုးသားစည်းလုံးညီ ပေါင်းစုတဲ့ပါတီ၊ ဒီမိုကရက်တစ် ရှေ့သို့ချီ တွဲလက်မြဲခိုင်ပြီ၊ ရောင်ခြည်လင်းလက် ဝန်းနေခြည် ဖားစည်ကျွဲချိုအတည်၊ စဉ်လာသမိုင်းနဲ့ ဒီကိုးဒီ ဒို့ရဲ့ KNDP ၊ ချိန်တန်ပြီ ကရင်ပြည် တူညီမျှတ အခွင့်ရေးရှိရမည်၊ ငြိမ်းချမ်းဖို့လိုပြီ အမျိုးသားတွက်ပါတီ၊ အောင်လံချီ ချိန်ခါမီ၊ ညီကိုရောင်းရင်း သွေးချင်းစည်းလုံးပြီ၊ တိုးတက်ဖို့ရွယ်ရည်၊ ဒို့တိုင်းဒို့ဌာနီ၊ ညီညာဖျဖျ မနှေးပေါ့အတည် မဲပေးဖို့လိုပြီ)၂
စကားပြော
ကရင်အမျိုးသားတို့ပါတီ၊
ပေါင်းစုဖွဲ့စည်းလိုက်ပါပြီ၊
ကျွဲချိုဖားစည်နေဝန်းနီ၊
ထွန်းလင်းအောင်စေမည်၊
ညီတူမျှတဖွံ့ဖြိုးဖို့၊
K-N-D-P မဲပေးစို့
(ကရင်အမျိုးသားစည်းလုံးညီ ပေါင်းစုတဲ့ပါတီ၊ ဒီမိုကရက်တစ် ရှေ့သို့ချီ တွဲလက်မြဲခိုင်ပြီ၊ ရောင်ခြည်လင်းလက် ဝန်းနေခြည် ဖားစည်ကျွဲချိုအတည်၊ စဉ်လာသမိုင်းနဲ့ ဒီကိုးဒီ ဒို့ရဲ့ KNDP ချိန်တန်ပြီ ကရင်ပြည် တူညီမျှတ အခွင့်ရေး ရှိရမည်၊ ငြိမ်းချမ်းဖို့လိုပြီ အမျိုးသားတွက်ပါတီ၊ အောင်လံချီ ချိန်ခါမီ၊ ညီကို ရောင်းရင်း သွေးချင်းစည်းလုံးပြီ၊ တိုးတက်ဖို့ရွယ်ရည်၊ ဒို့တိုင်းဒို့ဌာနီ၊ ညီညာဖျဖျ မနှေးပေါ့အတည် မဲပေးဖို့လိုပြီ)၂