နေပြည်တော် အောက်တိုဘာ ၈
ခူမီး(ခမီး) အမျိုးသားပါတီဥက္ကဋ္ဌ ဦးကျော်ထွန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
တိုင်းရင်းသား မဲဆန္ဒရှင်များခင်ဗျား
ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ် ပလက်ဝမြို့မှာ အခြေစိုက်တဲ့ ခူမီး(ခမီး)အမျိုးသားပါတီဥက္ကဋ္ဌဦးကျော်ထွန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ခူမီးနယ်မြေဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက် မကျရောက်မီက ခူမီးလူမျိုးအရိုင် (ခေါ်) တောင်မင်းများက အုပ်ချုပ်ခဲ့ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက်ရောက်တော့ ခူမီးနယ်မြေကို ၁၈၇၄-၇၆ မှာ ပြဋ္ဌာန်းတဲ့ ရခိုင်တောင်တန်းဒေသ တရားစီရင်ရေးဥပဒေနှင့် ၁၉ဝ၆ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ ရခိုင်တောင်တန်းဒေသအခြေခံစည်းမျဉ်းဥပဒေတို့ဖြင့် သီးခြား အုပ်ချုပ်ခဲ့ပါတယ်။
ရခိုင်တောင်တန်းဒေသအပါအဝင် နယ်မြေ(၁၀)ခုဟာ မြန်မာဘုရင် ပိုင်နက်မဟုတ်တဲ့အတွက် တောင်တန်းဒေသ အပိုင်း(၁)နယ်မြေလို့ သတ်မှတ်အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနယ်မြေတွေကတော့ (၁)ပြည်ထောင်စု ရှမ်းပြည်၊ (၂)သောင်သွဝ်၊ ဆင်တလိန်းခန္တီး၊ (၃)ရခိုင်တောင်တန်းဒေသ၊ (၄)ချင်း တောင်တန်းဒေသ၊ (၅)နာဂတောင်တန်းဒေသ၊ (၆)ဟူးကောင်းဒေသ၊ (၇) တြိဂံဒေသ၊ (၈)ကချင် တောင်တန်းဒေသ၊ (၉) သံလွင်ခရိုင်၊ (၁၀) “ဝ” ဒေသတို့ ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား
အောင်ဆန်း-အက်တလီစာချုပ် အပိုဒ် ၁(ဂ)အရ ရှမ်း၊ ကချင်၊ ချင်းတို့ မြန်မာနှင့်အတူ လွတ်လပ်ရေး ရယူပြီး ပြည်ထောင်စုနိုင်ငံထူထောင်ရန် ပင်လုံမှာ သဘောတူစာချုပ် ပြုလုပ်ခဲ့ကြပါတယ်။ အောင်ဆန်း - အက်တလီစာချုပ် အပိုဒ် ၁(ဃ)အရ တောင်တန်းဒေသ အပိုင်း(၁)နယ်မြေအားလုံးကလည်း မြန်မာနှင့်အတူ လွတ်လပ်ရေးယူပြီး ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ဖို့ နယ်ခြားဒေသ စုံစမ်းစစ်ဆေးရေး ကော်မတီမှာ သဘောတူခဲ့ကြပါတယ်။ ထို့အပြင် ရခိုင်တောင်တန်းဒေသသည် ချင်းတောင်တန်းခရိုင်နှင့် ပူးပေါင်း၍ လည်းကောင်း၊ ဟူးကောင်းဒေသနှင့် တြိဂံဒေသသည် ကချင်တောင်တန်းဒေသနှင့် ပူးပေါင်း၍လည်းကောင်း၊ “ဝ”ဒေသသည် ရှမ်းပြည်နှင့်ပူးပေါင်း၍ လည်းကောင်း၊ နာဂသည် မြန်မာနှင့် ပူးပေါင်း၍လည်းကောင်း ပြည်ထောင်စု ထဲပါဝင်ခဲ့ကြပါတယ်။ စာချုပ်အရ မိမိတို့သဘောဆန္ဒအလျောက် ပူးပေါင်း ခြင်းဖြစ်ပါတယ်။
အဲဒီသဘောတူညီချက်အရ ၁၉၄၇ အခြေခံဥပဒေပုဒ်မ(၁၉၆)မှာ “ချင်းတောင်တန်းခရိုင်နှင့် ရခိုင်တောင်တန်းခရိုင် ပါဝင်သော ချင်းဝိသေသတိုင်း ရှိရမည်”လို့ ပြဋ္ဌာန်းထားပါတယ်။
ပါတီရဲ့မူဝါဒကတော့
(၁) ခူမီးဒေသ တိုင်းရင်းသားလူမျိုးများအားလုံး ဖွံ့ဖြိုးတိုးတက်ရေး၊
(၂) တိုင်းရင်းသားအခွင့့်အရေး အပြည့်အဝရရှိရေး၊
(၃) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့ဖြစ်ပါတယ်။
ပါတီရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်အကျဉ်းချုပ်ကတော့
(၁) လမ်းပန်းဆက်သွယ်ရေးဟာ အဓိကဖြစ်တဲ့အတွက် ကားလမ်း၊ ရေကြောင်းလမ်း ကောင်းမွန်အောင် ဆောင်ရွက်မည်။ စိမ်းစင်း လေယာဉ်ကွင်းကို ပြန်လည်ဖော်ထုတ်မည်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ကောင်းမွန်အောင် ဆောင်ရွက်ပါမည်။
(၂) နှစ်တို၊ နှစ်လတ်ဘဏ်ချေးငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်မည်။ နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးမည်။
(၃) အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်၍ ဒေသထွက် ပို့ကုန်ပစ္စည်းများ မြှင့်တင်မည်။ ချင်းပြည်နယ်၏ အဆင်းရဲဆုံးမြို့နယ်အဖြစ်မှ ကယ်တင်မည်။
(၄) ဒေသအတွင်း အလုပ်သမားနှင့် ဝန်ထမ်းခန့်ထားရေး အလုပ်အကိုင် အခွင့်အလမ်းများသည် ဒေသခံတိုင်းရင်းသားများအတွက် ဖြစ်စေရမည်။ စက်မှုဇုန် တည်ဆောက်ပါမည်။
(၅) ခူမီးလူမျိုး ရှင်သန်ရပ် တည်နိုင်ရေး အတွက် အမျိုးသားရေး လက္ခဏာ (National Identity) ဖြစ်သော ဘာသာစကား၊ စာပေ၊ အဆို၊အတီး၊ အက၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်း၊ သမိုင်း အမွေအနှစ်များ နှင့် ခူမီးအမျိုးသားနေ့ကို ဖော်ထုတ်မည်။
(၆) ပလက်ဝခရိုင် ပြန်ရအောင် ကြိုးပမ်းမည်။ ခရိုင်ရလျှင် ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်နှင့် မီးဇာမြို့၊ သံထောင်မြို့တွေ ဖြစ်လာပါမည်။ ဒါ့အပြင် ခူမီးလူမျိုးအတွက် ခူမီးတိုင်းရင်းသားရေးရာဝန်ကြီး ရရှိရေးနှင့် ခူမီးကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသရရှိရေးကို တစိုက်မတ်မတ် ဆောင်ရွက်ပါမည်။
(၇) ပလက်ဝမြို့တိုးချဲ့ရေး မြို့ပြစီမံကိန်းကိုလည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါတယ်။
တိုင်းရင်းသားမဲဆန္ဒရှင်များခင်ဗျား
ခူမီးတိုင်းရင်းသားရေးရာဝန်ကြီး ရရှိရေးနှင့် ခူမီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးတို့ကိုလည်း ခူမီးပါတီမှ အဓိက တောင်းဆိုနေပါတယ်။ ဘယ်ပါတီကမှ အရေးကြီးတယ်လို့ မထင်ကြပေမယ့့်ခူမီးပါတီက အနာဂတ် ခူမီးလူမျိုးနှင့် ခူမီးမျိုးဆက်သစ် လူငယ်များအတွက် ခူမီးလူမျိုးနှင့် ခူမီးအမျိုးသားနယ်မြေ တည်ရှိနေဖို့ ဖော်ထုတ်တောင်းဆိုနေတာ ဖြစ်ပါတယ်။ အခြေခံဥပဒေအရ ချင်းပြည်နယ်က ခွဲထွက်ဖို့ မဟုတ်ဘူး။ ခူမီးပါတီရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ယုံကြည်ပေးကြပါ။ ခူမီးပါတီ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေကို မဲပေး ကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။