နေပြည်တော် မတ် ၂၀
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည့် အာဆီယံအိုင်ဗွီအို (ICT Virtual Organization of ASEAN Institutes and NICT-ASEAN IVO) သုတေသနစီမံကိန်းဖြစ်သည့် (Cyber to Real World Integrated Testbed for Dam Safety Management and Water Governance System) ရေအားလျှပ်စစ်ထုတ်ဆည်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရေကြီးရေလျှံမှုထိန်းချုပ်ရေးဆိုင်ရာ ဆိုက်ဘာရေစီမံခန့်ခွဲမှု စနစ် ဆွေးနွေးပွဲသို့ တက်ရောက်သည်။
စီမံကိန်းမှ သုတေသနရလဒ်ကောင်းများ ရရှိမည် ဦးစွာ ဒုတိယဝန်ကြီးက ကမ္ဘာ့စွမ်းအင်အကျပ်အတည်းနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု (Glo-bal Energy Crisis and Climate Change) တို့ကြောင့် ဆိုးကျိုးသက်ရောက်မှုများကို ကြံ့ခိုင်စွာကျော်လွှားနိုင်ရေးအတွက် ခေတ်မီဒစ်ဂျစ်တယ်ဆိုက်ဘာနည်းပညာများကို အသုံးချလာကြပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ပေါကြွယ်ဝစွာ ပိုင်ဆိုင်ထားရာ ရေအားလျှပ်စစ်လည်း ပါဝင်ကြောင်း၊ ရေ-စွမ်းအင်-စားရေ ရိက္ခာ-ဂေဟစနစ် ချိတ်ဆက်မှု (Water - Energy - Food - Eco-system Nexus) သည် ရေရှည်စဉ်ဆက်မပြတ်တည်တံ့မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခရာကျလှသဖြင့် အထူးအလေးထား၍ သုတေသနပြုလေ့လာရန် လိုအပ်ကြောင်း၊ ဤစီမံကိန်းမှ သုတေသနရလဒ်ကောင်းများ ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းအဖွဲ့ဝင်များက လက်ရှိဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် အဖွဲ့အစည်းများမှ သုတေသနပညာရှင်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်