နေပြည်တော် မတ် ၁၇
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဘုရားကျောင်းနှင့် လူနေအဆောက်အအုံများပျက်စီးခဲ့ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကိုဥပဒေနှင့်အညီ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အအုံများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများစိုးရိမ်ထိတ်လန့်စေရန်နှင့် အကြောက်တရားလွှမ်းမိုးစေရန် လူနေအိမ်များကို အဝေးမှနေ၍ လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်လိုသည့်အတွက် သတင်းတု၊ သတင်းမှားများဖြင့် ယခုကဲ့သို့ မဟုတ်မမှန် ဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သိရသည်။