နေပြည်တော် မတ် ၁၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေး အသုံးပြုရေးကော်မတီက ကြီးမှူးကျင်းပသည့် “Ecology of the Big City” ဆိုင်ရာ နိုင်ငံတကာဖိုရမ်၏ Sustainable environment of a metropolis: how to unleash the ecological potential (Plenary Session) ကို အွန်လိုင်းမှ တက်ရောက်ဆွေးနွေးသည်။
အဆိုပါ Plenary Session သို့ ရုရှားနိုင်ငံမှ Mr. Alexander Dvoinih၊ Chairman of the Federation Council Committee on Agrarian and Food Policy and Environmental Management ၊ Mr. Alexey Korabelnikov ၊ Vice-Governor of Saint-Petersburg ၊ Mr. Kirill Soloveichik ၊ Chairman of the Committee for Nature Use ၊ ဘရာဇီးနိုင်ငံ ဆာပိုလိုမြို့တော်ဝန် Eder Miano တို့ တက်ရောက်ဆွေးနွေးကြပြီး ဖိုရမ်သို့သက်ဆိုင်ရာကိုယ်စားလှယ် စုစုပေါင်း ၅၀၀ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးမင်းသူက မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော မြို့များတည်ဆောက်နိုင်ရန် အစိမ်းရောင်စင်္ကြံများ၊ ရေရှည်တည်တံ့သော ရေနုတ်မြောင်းစနစ်များ၊ သယ်ယူပို့ဆောင်ရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များ၊ ပြန်ပြည့်မြဲစွမ်းအင်တို့ကို ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် တင်ပြမည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် (Nationally Determined Contributions-NDCs 2025 (2 nd update) အစီရင်ခံစာနှင့်စပ်လျဉ်း၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအပါအဝင် ကာဗွန်ထုတ်လွှတ်မှုများသည့်ကဏ္ဍများမှ ရည်မှန်းချက်များကို ပိုမိုထည့်သွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ မြို့ပြစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ကမ်းရိုးတန်းဧရိယာများတွင် မြို့ပြနှင့် စက်မှုစွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုအတွက် စံချိန်စံညွှန်းနှင့် လုပ်ထုံးလုပ်နည်းများထုတ်ပြန်နိုင်ရေး အပြီးသတ်ဆောင်ရွက်နေမှု၊ ပလတ်စတစ်ထုတ်လုပ်ခြင်းမှ စွန့်ပစ်ခြင်းအဆင့်အထိ ပလတ်စတစ်သံသရာ စက်ဝန်းတစ်ခုလုံးကို ထိန်းချုပ်ရန်အတွက် အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်ကို ရေးဆွဲဆောင်ရွက်နေမှု၊ မြို့ပြများတွင် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးကိုမြှင့်တင်ရန် ကြိုးပမ်းမှုအနေဖြင့် လျှပ်စစ်မော်တော်ယာဉ် (Electric Vehicles-EV) များကို အသုံးပြုကြစေရေး အားပေး ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့ကြီးများအနေဖြင့် ဂေဟစနစ်အခြေခံ လိုက်လျောညီထွေဖြစ်စေမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သာတူညီမျှတမှုတို့နှင့်အတူ ကာဗွန်ထုတ်လွှတ်မှုနှင့် စွန့်ပစ်ပစ္စည်းထွက်ရှိမှုလျော့နည်းသော၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စံနမူနာမြို့ကြီးများအဖြစ် မျိုးဆက်သစ်အဆက်ဆက်တိုင် ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်