နေပြည်တော် အောက်တိုဘာ ၆
လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးလခမ်ဒေါင်ခမ့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘညီအစ်ကို မောင်နှမ ပြည်သူများခင်ဗျား။
ယခုလိုရုပ်မြင်သံကြား၊ ရေဒီယိုမှာ ဟောပြောတင်ပြခွင့်ကို စီစဉ်ပေး သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား အထူးကျေးဇူးတင်ပါတယ်။
ကျွန်တော်ကတော့ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ဥက္ကဋ္ဌ ဦးလခမ်ဒေါင်ခမ့် ဖြစ်ပါတယ်။
ကျွန်တော်တို့ လော်ဝေါ်တိုင်းရင်းသားများသည် မေခမြစ်(ခေါ်) လောင်ဗျစ်မြစ်ကို ဗဟိုပြုပြီး နေထိုင်ဆင်းသက် လာသော လူမျိုးများဖြစ်ပါ တယ်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် အများဆုံးနေထိုင်ကြပါတယ်။
ကျွန်တော်တို့ လော်ဝေါ်လူမျိုးတွေဟာ ကျေးလက်နေလူမျိုးများ ဖြစ်ကြ ပါတယ်။ ပညာတတ် အင်မတန်နည်းပါးပြီး ဆင်းရဲတဲ့ အိမ်ထောင် မိသားစုများ များပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားသူအင်မတန်နည်းပါးပါတယ်။ မိမိဘ၀၊ မိမိလူမျိုးကို အလွန်ရှက်ကြောက် စိတ်ကြီးသော လူမျိုး များဖြစ်ကြပါတယ်။ ထို့ကြောင့် နိုင်ငံရေးပါတီတစ်ခု လုပ်ဆောင်နေနိုင်ဖို့ ဆင်းရဲပေါင်းများစွာ၊ ဒုက္ခပေါင်းများစွာနှင့် ရုန်းကန် လုပ်ဆောင် နေကြရပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဟာ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့ နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် (၈၉)ဖြင့် ဖွဲ့စည်းတည်ထောင်ခွင့်ရရှိခဲ့ပါတယ်။
ပါတီ၏အလံ၊ ပါတီ၏အမှတ်တံဆိပ်တို့ကို ရှင်းလင်းဖော်ပြပေးလိုပါသည်။ ပါတီ၏အလံမှာ အရောင်(၃)ရောင် အောက်ခံဖြစ်ပြီး အလယ်တွင် လော်ဝေါ် ရိုးရာ ဓားလွယ် ( ဋဘမ်ဗျော်) နှင့် အလံ၏ လက်ဝဲဘက်ထိပ်တွင် ငါးထောင့် ကြယ်ဖြူတစ်လုံး ပါရှိသည်။ အဓိပ္ပာယ်မှာ - အပေါ်အရောင်မှာ အပြာရောင် ဖြစ်၍ ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်းကို ပုံဖော်သည်။ အလယ်အရောင်မှာ အမည်းရောင်ဖြစ်ပြီး တည်ကြည်ခြင်း၊ ခန့်ညားခြင်း၊ ကတိသစ္စာရှိခြင်းတို့ကို ပုံဖော်သည်။ အောက်အရောင်မှာ အစိမ်းရောင်ဖြစ်၍ စိမ်းလန်းစိုပြည်ခြင်း၊ ရှင်သန်ခြင်း၊ အေးမြခြင်းတို့ကို ဖော်ညွှန်းသည်။ ရိုးရာဓားလွယ်(ဋဘမ်ဗျော်) ပုံသည် လော်ဝေါ်အမျိုးသားတို့ကို ကိုယ်စားပြုသော အမှတ်သင်္ကေတဖြစ်ပြီး အနီရောင်သည် ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ပြတ်သားခြင်း၊ နိုးကြားတက်ကြွခြင်း တို့ကို ပုံဖော်သည်။ လက်ဝဲဘက်ထိပ်ရှိ ကြယ်ဖြူတစ်လုံးသည် ပြည်ထောင်စု ဖွား တိုင်းရင်းသားများအားလုံးကို တစည်းတလုံးတည်းရှိသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးကို ပုံဖော်သည်။ အောက်ခံအရောင်(၃)ရောင် ထားရှိခြင်းမှာ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားခြင်းကို ပုံဖော်ပါသည်။
ပါတီ၏အမှတ်တံဆိပ်မှာ အနီရောင် လော်ဝေါ်အမျိုးသား ရိုးရာဓားလွယ် နှစ်ခုကြားမှာ ကြက်ဖတွန်နေပုံရှိသည်။
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျာ -
လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရည်ရွယ်
ချက်မှာ -
၁။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးကို အစဉ်ထိန်းသိမ်းမည်။
၂။ လော်ဝေါ်လူမျိုးများသည် နိုင်ငံရေးအမြင်ပွင့်လင်းလာ၍ မြန်မာနိုင်ငံအတွင်းရှိတိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ရင်ပေါင်တန်းကာ နိုင်ငံတော်တာဝန်များကို ထိရောက်စွာ ပါဝင်ထမ်းဆောင်နိုင်ရန်။
၃။ တိုင်းရင်းသားလူမျိုးများအားလုံး၏အခြေခံရပိုင်ခွင့်နှင့် လူ့အခွင့်အရေးများကို ပြည့်ပြည့်ဝဝရရှိနိုင်ရေး ဆောင်ရွက်မည်။
၄။ လော်ဝေါ်လူမျိုးများ စည်းလုံးညီညွတ်မှုရရှိပြီး နိုင်ငံတော်၏ ခွန်အားဖြစ်စေရန်၊ နိုင်ငံတော်အစိုးရနှင့် လော်ဝေါ်အမျိုးသားအရေးကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတိုင်ပင်ရန်။
၅။ ဒေသခံလူထုဖြစ်သော လူမျိုးဘာသာ ကျား/မ မရွေး၊ တောင်သူလယ်သမား များ အလုပ်သမားများနှင့် ကလေးသူငယ်များ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက် ရေးကို အစွမ်းဆောင်နိုင်ဆုံး ချမှတ်ဆောင်ရွက်သွားနိုင်ရန်။
၆။ လော်ဝေါ်အမျိုးသားနှင့် တိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း သမိုင်းအစဉ်အလာကောင်းများကို ဖော်ထုတ်၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် လာစေရန် ဆောင်ရွက်သွားရန်တို့ ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား
ပါတီ၏မူဝါဒသဘောထားမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) နိုင်ငံရေးမူဝါဒသဘောထား
၁။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် ပါတီစုံဒီမိုကရေစီ ထွန်းကား ရေးကို အစဉ်စောင့်ထိန်း ကျင့်သုံးသွားမည်။
၂။ နိုင်ငံတော်အတွင်း၌ သူတစ်ပါးအားထိခိုက်နစ်နာဆုံးရှုံးမှု မဖြစ်စေဘဲလွတ်လပ်စွာ ပြုမူဆောင်ရွက်လုပ်ကိုင်နေထိုင်ခြင်း၊ ဖွင့်ဟပြောဆိုဖော်ထုတ်ရေးသားခြင်း၊ ကြံစည်တွေးတောခြင်း၊ သက်ဝင်ယုံကြည်ကိုးကွယ်ခြင်း၊ လွတ်လပ်စွာ တီထွင်ဖန်တီးခြင်း စသည်တို့ကို ကျင့်သုံးခြင်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပါတီစုံဒီမိုကရေစီ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်သွားမည်။
(ခ) ဘာသာရေးမူဝါဒသဘောထား
၁။ တိုင်းရင်းသားတိုင်းသည် မိမိသက်ဝင်ယုံကြည်ကိုးကွယ်ရာ ဘာသာကိုလွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိရန်။
၂။ အခြားသော ဘာသာသာသနာကို ထိခိုက်နစ်နာမှုမရှိစေဘဲ အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိအောင် ဖော်ဆောင် သွားမည်။
၃။ နိုင်ငံတော်အတွင်းရှိ ဘာသာ၊ သာသနာအချင်းချင်း မေတ္တာရှေ့ထား၍ နားလည်မှု၊ သင့်မြတ်မှုအစဉ်ရှိနေရန် ဖော်ဆောင်သွားမည်။
(ဂ) နိုင်ငံခြားရေးမူဝါဒသဘောထား
၁။ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမည်။
၂။ နိုင်ငံတကာဆက်ဆံရေးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ် ရန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို ကျင့်သုံး သွားမည်။
၃။ ကမ္ဘာ့ကုလသမဂ္ဂပဋိညာဉ် စာချုပ်များကို လေးစားလိုက်နာ ဆောင်ရွက် သွားမည်။
(ဃ) စီးပွားရေးမူဝါဒသဘောထား
၁။ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက်သွားမည်။
၂။ ဈေးကွက်စီးပွားရေးစနစ်တွင် တိုင်းရင်းသား၊ နိုင်ငံသားလုပ်ငန်းရှင် များအား အခွင့်အရေးများ အပြည့်အဝရရှိအောင် လုပ်ဆောင်ပေးရန်။
၃။ နိုင်ငံတကာမှလုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်။
၄။ ဒေသခံတိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဈေးကွက်ရရှိရေးအတွက် ကူညီဆောင်ရွက်သွားမည်။
၅။ စိုက်ပျိုးရေးကိုအခြေခံ၍ လိုအပ်သော စက်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်သွားမည်။
၆။ ဆင်းရဲမွဲတေမှုပြဿနာကို ပပျောက်သွားအောင် လုပ်ဆောင်သွားမည်။
(င) ပညာရေးမူဝါဒသဘောထား
၁။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန် အစဉ်တွန်းအားပေး သွားမည်။
၂။ နိုင်ငံတကာပညာရေးစနစ်နှင့် စံနှုန်းမီအောင် အားပေးဆောင်ရွက် သွားမည်။
၃။ ပညာရည် ထူးချွန်သူများအား ဆုံးခန်းတိုင်အောင် ပညာသင်ကြား ဆည်းပူးနိုင်ရေးအတွက် ကူညီ ပံ့ပိုးပေးသွားမည်။
၄။ မသင်မနေရ အခမဲ့ပညာရေးစနစ် ကို နိုင်ငံတကာပညာရေးအဆင့် ဖော်ဆောင်ပေးသွားမည်။
၅။ ဒေသခံ တိုင်းရင်းသားများ၏ စာပေပညာ သင်ကြားရေးကို အစိုးရ စာသင်ကျောင်းများ၌ မသင်မနေရစနစ်ဖြင့် ချမှတ် ဆောင်ရွက်သွားမည်။
(စ) ကျန်းမာရေးမူဝါဒသဘောထား
၁။ ပြည်သူလူထုများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ဆေးရုံကြီးမှ ဆေးပေးခန်းတိုင်အောင် အခမဲ့ဆေးဝါး ထောက်ပံ့ခြင်းများ အပြည့်အ၀ ခံစားနိုင်ရေးကို ဆောင်ရွက်သွားမည်။
၂။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ခေတ်မီနည်းပညာ၊ စက်ပစ္စည်းများနှင့် ကုသမှုပေးနိုင်ရန် ဆောင်ရွက်သွားမည်။
၃။ ပုဂ္ဂလိကဆေးရုံ ဆေးခန်းတိုင်းတွင် ဆေးပညာကဏ္ဍကို အဆင့်အတန်းမြင့်မားစွာ ပေါ်ထွန်းလာအောင် ဆောင်ရွက်သွားမည်။
၄။ မြို့ပြနှင့်ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်မရှိရ လေအောင် ဆောင်ရွက်သွားမည်။
(ဆ) လူမှုရေးမူဝါဒသဘောထား
၁။ လော်ဝေါ်လူမျိုးနှင့်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း ယဉ်ကျေးမှုစာပေ၊ အနုပညာတေးဂီတ၊ တူရိယာပစ္စည်းများကို ဖော်ထုတ် မြှင့်တင်သွားမည်။
၂။ တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းဥပဒေနှင့်အညီ လွတ်လပ်စွာတောင်းဆိုခြင်း၊ ရွေးချယ်ပိုင်ခွင့်ရှိခြင်း၊ ယုံကြည်ကိုးကွယ်ခွင့်ရှိခြင်းများအတွက် အစဉ်ဆောင်ရွက် သွားမည်။
၃။ တိုင်းရင်းသားများ၏လူမှုကိစ္စအ၀၀ကို နိုင်ငံတော်၏အရေးကိစ္စကဲ့သို့ အလေးထားဆောင်ရွက်သွားမည်။
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျား-
မြန်မာနိုင်ငံတော်ကြီးသည် ယခုနှစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက် နေ့တွင် နိုင်ငံခေါင်းဆောင်များကို တစ်ဖန်ပြန်လည် ရွေးကောက်တင်မြှောက် ကြမှာ ဖြစ်ပါတယ်။ ဤရွေးကောက်တင်မြှောက်ပွဲကို ပါတီစုံဒီမိုကရေစီစနစ် ဖြစ်အောင် ရွေးကောက်တတ်ကြရမယ်။
မဲဆန္ဒရှင်မိဘပြည်သူလူထုအပေါင်းတို့ခင်ဗျား-
ကျွန်တော်တို့ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို အသည်းကြားမှ မဲတစ်ပြားဖြင့် ထောက်ခံပြီးဆန္ဒပြုကာ မဲပေးကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။
- ဓားလွယ်နှင့် ကြက်ဖ အမှတ်ရ
- ထောက်ခံဆန္ဒပြုက၊ အောင်ပွဲရ
တိုင်းရင်းသားပြည်သူအပေါင်း ရောဂါဘယကင်းဝေးပြီး ကျန်းမာ ချမ်းသာ ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
လော်ဝေါ်ပါတီ
တေးရေး-လခမ်ဒေါင်ဇယ် တေးဆို - လခမ်ဒေါင်ဇယ်
- ဒေါ့သောလွမ်းနော
ပြည်ထောင်စုဖွား သွေးချင်းတို့ ရယ်...တို့ များလော်ဝေါ် အမျိုးသား
ရောင်ခြည်... ထွန်းလင်းခဲ့ပြီ ဓားလွယ်နှင့်ကြက်ဖပါတီ
နိုင်ငံတော်နှင့် လက်တွဲလို့ ရယ်.....တို့ရဲ့ပါတီ စည်းလုံးမယ်ဟေ့...
ကြိုးစားကြမယ် ပြည်သူအတွက် ထမ်းဆောင်ကြမည်...
(လော်ဝေါ်ပါတီ အမျိုးသားပါတီ...ဓားလွယ်နှင့် ကြက်ဖပါတီ... တိုင်းရင်းသား ညီနောင်များနှင့် အတူလက်တွဲကာရယ်...စည်းလုံးညီညာစွာ ရှေ့သို့ ချီမယ်-ပြည်သူများအားလုံး ဆန္ဒမဲပေးစို့ကွယ်.......)၂