Skip to main content

ပြည်သူ့အလုပ်သမားပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော်   အောက်တိုဘာ   ၆  

ပြည်သူ့အလုပ်သမားပါတီဥက္ကဋ္ဌ ဦးကျော်ဇင်က  ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်  ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။အဆိုပါဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
မြန်မာနိုင်ငံသားလုပ်သားပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ကမ္ဘာ့ကပ်ရောဂါ၏ အန္တရာယ်မှ ကျော်လွှားနိုင်ကြ ပါစေကြောင်း ဦးစွာပထမ  နှုတ်ခွန်းဆက် မေတ္တာပို့သအပ်ပါတယ်ခင်ဗျား
ကျွန်တော်ကတော့  ပြည်သူ့အလုပ်သမားပါတီ  ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင် ဖြစ်ပါတယ်။  ကျွန်တော်တို့  ပြည်သူ့အလုပ်သမား ပါတီဟာဆိုရင်ဖြင့်   ၂၀၁၇   ခုနှစ်၊    စက်တင်ဘာလ   (၈)    ရက်နေ့တွင်    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စတင်တည်ထောင်ခွင့်ရရှိခဲ့ပြီး ယခု ဆိုရင်ဖြင့် ပြည်သူ့အကျိုးကို တတ်စွမ်းသမျှ ထမ်းဆောင်ပေးခဲ့တာ (၃) နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ပါတီ၏   ရွေးကောက်ပွဲဖြတ်သန်းမှုအနေဖြင့်  ၂၀၁၈  ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ယခုကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တို့ကို  ဖြတ်သန်းခွင့်ရရှိခဲ့ပြီ  ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ပါတီတည်ထောင်ရခြင်း ရည်ရွယ်ချက်နှင့် ပါတီမူဝါဒတို့အား ဦးစွာပထမ အသိပေးရှင်း ပြလိုပါတယ်။
ပြည်သူ့အလုပ်သမားပါတီ တည်ထောင်ခြင်း ရည်ရွယ်ချက်ဟာဆိုရင် ဖြင့်   စုဖွဲ့မှုအားနှင့်   နိုင်ငံသားတို့၏   လိုအပ်ချက်၊  လိုလားချက်တို့အား လွှတ်တော်များအတွင်း  တရားဝင်ပြောဆိုနိုင်ရန်ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ပါတီ၏ အခြေခံမူဝါဒကတော့  နိုင်ငံသားတိုင်း  တန်းတူညီမျှရေး၊  မွေးရာပါ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ-၃၄၇  အတိုင်း  နိုင်ငံသားတိုင်း  ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေပြီး၊ ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရရှိပိုင်ဆိုင်စေရေးတို့ကို ဆောင်ရွက် သွားရန်ဖြစ်ပါတယ်။
ကျွန်ုပ်တို့ပါတီအနေဖြင့် မိမိတို့နိုင်ငံနှင့် ကိုက်ညီသော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့စနစ်များကို ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခြားတိုင်းပြည်များရဲ့ စနစ်များကို ပုံတူကူးယူဆောင်ရွက် ခြင်းပြုမယ်ဆိုရင်ဖြင့် ကျွန်ုပ်တို့နိုင်ငံအတွက် ဘယ်လိုမှ အံဝင်ခွင်ကျဖြစ်စရာ အကြောင်းမရှိပါဘူး။   မိမိတို့နိုင်ငံရဲ့  ပထဝီအနေအထား  နိုင်ငံသားတို့ရဲ့ အကျင့်စရိုက်လက္ခဏာတို့အပေါ် အခြေခံပြီး မဏ္ဍိုင်ကြီး (၃)ရပ် ဟန်ချက် ညီစွာ ဆောင်ရွက်နိုင်ပါမှ နိုင်ငံသားတို့ လုံခြုံစိတ်ချစွာဖြင့် ဘ၀ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့နိုင်ငံမှာဆိုရင်ဖြင့် တရားဝင်နိုင်ငံရေးပါတီ (၉၄)ခုရှိပြီး ထိုအထဲမှာ ပြည်နယ်များမှ သွေးချင်းတို့ရဲ့ တိုင်းရင်းသားပါတီများလည်း များစွာရှိပါတယ်။ ကျွန်ုပ်တို့ပါတီအနေဖြင့် အမျိုးသားရေးကို သစ္စာရှိသော မည်သည့်ပါတီ၊ မည်သည့်နိုင်ငံရေးသမားများနှင့်မဆို လက်တွဲဆောင်ရွက်သွား မယ်လို့  ဆုံးဖြတ်ထားပါတယ်။  ကျွန်ုပ်တို့အနေဖြင့်  မိမိတို့ကိုယ်ကျိုးထက် ပါတီအကျိုးကို  ဆောင်ရွက်ရန်၊   ပါတီအကျိုးထက်  တိုင်းပြည်အကျိုးကို ဆောင်ရွက်ရန်ဟူသော သန္နိဋ္ဌာန်လည်း ချမှတ်ထားပါတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရာဝယ်    အမျိုးသားကျန်းမာရေးနှင့် အမျိုးသားပညာရေးကိုလည်း  ဦးစားပေးဆောင်ရွက် ရပါမည်။  အမျိုးသား ကျန်းမာရေးကဏ္ဍကို   ဆောင်ရွက်ဖို့အတွက်   ဦးစွာပထမ  မူးယစ်ဆေးဝါး ကင်းစင်ရေးကို အလေးပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လူငယ်တိုင်း မူးယစ် ဆေးဝါးကင်းစင်နိုင်ရေးက အဓိကကျလှပါတယ်။ အမျိုးသားပညာရေးကဏ္ဍက စာမတတ်သူပပျောက်ရေး  ကြွေးကြော်နေရုံဖြင့်   မပြီးသေးပါဘူး။  ယခု ပညာရေး ကဏ္ဍကို လေ့လာကြည့်ရင်ဖြင့် မြန်မာနိုင်ငံသား အများစုဟာဆိုရင် အခြေခံပညာမူလတန်းအဆင့်တွင်သာ ပညာရေးကို လက်ပြနှုတ်ဆက်သွား ကြတာကို ဝမ်းနည်းစွာတွေ့ရှိနေရပါတယ်။ ထိုသို့ ဖြစ်ပေါ်နေရခြင်းရဲ့ အကျိုး ဆက်အား ကျွန်ုပ်တို့တိုင်းပြည် ဘယ်လိုမှတိုးတက်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့ပါတီအနေဖြင့် အမျိုးသားပညာရေးနှင့် အမျိုးသား ကျန်းမာရေးကို အလေးပေးဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်။
ဒီမိုကရေစီအစိုးရ ပေါ်ထွက်လာတဲ့ ၂၀၁၀  ကနေ  ယနေ့အထိ  အစိုးရ (၂)ဆက်ကာလတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးကို ဆောင်ရွက်ခဲ့တာ တွေ့ရှိရ ပါတယ်။ သို့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားတို့ရဲ့ တစ်ဦးချင်း ဝင်ငွေတိုးတက်မှုဟာဆိုရင်  ထင်ထားသလို  မဖြစ်လာတာ တွေ့ရပါတယ်။ ကျွန်ုပ်တို့နိုင်ငံရဲ့ အရွယ်ရောက်သူ တစ်နည်း အလုပ်လုပ်ကိုင်သူတို့ဟာဆိုရင် အိမ်နီးချင်းတိုင်းပြည်တို့ရဲ့ အလုပ်အကိုင်ကိုသာ အားထားနေရတာကိုလည်း ဝမ်းနည်းစွာ   တွေ့ရှိရပါတယ်။   ထိုသို့မှီခိုနေရတဲ့   အကျိုးဆက်အဖြစ်     ပြည်တွင်းလုပ်အား ဆုံးရှုံးမှုဖြစ်ပေါ်ပြီး   မိမိတိုင်းပြည်ရဲ့   ဖွံ့ဖြိုးမှုကိုလည်း များစွာနှောင့်နှေးစေခဲ့ပါတယ်။
ကျွန်ုပ်တို့နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာဆိုရင်ဖြင့် ကျေးလက်နေ ပြည်သူများဖြစ်ခြင်းကြောင့်  လယ်ယာစိုက်ပျိုးရေးကို အခြေခံလုပ်ကိုင်ကြတာ ကို တွေ့ရှိရပါတယ်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့ပါတီအနေဖြင့် စိုက်ပျိုးရေး ကို အခြေခံတဲ့  စက်မှုလုပ်ငန်းတိုးတက်ဖွံ့ဖြိုးရန်  ဦးစွာလုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။
နိုင်ငံသား      လုပ်သားပြည်သူတို့ရဲ့     လူမှုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရာတွင် ပေးဆောင်ရတဲ့  အခွန်အခတို့ကိုလည်း  တိကျတဲ့ မူဝါဒ ချနိုင်ဖို့လိုပါတယ်။ ဝင်ငွေခွန်အပြင် အခြားအခွန်တို့ကြောင့်လည်း နိုင်ငံသားတို့ရဲ့ဘ၀ တိုးတက်မှု ကို နှောင့်ယှက်စေနိုင်တဲ့အတွက် ကျွန်ုပ်တို့အနေဖြင့် အခွန်ထမ်းပြည်သူတို့ဘဝ အဆင်ပြေဖို့ရာ  မူဝါဒကောင်းများချ၍   အလေးပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပါ နိုင်ငံ့ဝန်ထမ်းများအတွက် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ခေတ်နှင့် လျော်ညီတဲ့ လုပ်ခ၊ လစာရရှိစေရေး၊ အခြားအခြေခံအဆောက်အအုံတို့ကို အစိုးရမှ ထောက်ပံ့ပေးနိုင်ရေးအတွက် ဆောင်ရွက်မှာဖြစ်သလို အငြိမ်းစား ယူသည့်အချိန်တွင်လည်း   ၎င်းတို့ရဲ့  ဘ၀ရပ်တည် နေနိုင်ရေး၊  ကျန်းမာရေး စသည်တို့ကို စောင့်ရှောက်နိုင်စေရန်အတွက် မူဝါဒကောင်းများ ချမှတ်ဆောင် ရွက်မှာ ဖြစ်ပါတယ်။  သို့မှသာ  အဂတိကင်းစင်တဲ့  အုပ်ချုပ်ရေးအဖွဲ့အစည်း တစ်ရပ် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရာတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိမှုကလည်း အရေးကြီးဆုံးဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်း စစ်နှင့် ရင်ဆိုင်လာရတဲ့ ကျွန်ုပ်တို့တိုင်းပြည်ဟာဆိုရင်ဖြင့် လွန်စွာမှ ဖွံ့ဖြိုးမှု နောက်ကျနေတာဟာ   မဆန်းပါဘူး။ တိုင်းရင်းသားအချင်းချင်း အမုန်းပွားမှု တွေကိုလည်း ရပ်တန့်ရမယ့် အချိန်တန် ခဲ့ပါပြီ။ တိုင်းရင်းသားတို့ရဲ့ လိုလားချက်၊ လိုအပ်ချက်တို့ကို သိရှိနားလည်မှသာ ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မှာဖြစ်ပါ တယ်။   ဒီမိုကရေစီရဲ့   သဘောဟာ အများဆန္ဒကို  လိုက်လျောတယ်လို့ ကျွန်တော်နားလည်ပါတယ်။    အများ ဆန္ဒအတိုင်း ဆောင်ရွက်တယ် ဆိုပေမယ့်   လူနည်းစုရဲ့  သဘောထား ကိုလည်း အလေးထားရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား သွေးချင်းတို့ရဲ့   လိုလားချက်ဖြစ်တဲ့  ဖက်ဒရယ်မူကိုလည်း အလေးပေးဆောင်ရွက်ရမှာ   ဖြစ်ပါတယ်။  ဖက်ဒရယ်ဆိုတဲ့  အဓိပ္ပာယ်ကို ကျွန်တော်နားလည်သလို   ပြောရလျှင်  မျှဝေသုံးစွဲတယ်လို့ ထင်ပါတယ်။ ကျွန်ုပ်တို့ သွေးချင်းတိုင်းရင်းသားတွေအချင်းချင်း ကောင်းတူ၊ ဆိုးဖက် ညီတူညီမျှ   မျှဝေခံစားမယ်ဆိုရင်ဖြင့်   ပြည်တွင်းငြိမ်းချမ်းရေး  အမြန်ဆုံးရရှိမှာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ပါတီအနေဖြင့် နိုင်ငံရေးမူဝါဒကိုလည်း ခိုင်မြဲစွာချမှတ်ထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးဟုဆိုရာတွင်  ပါတီနိုင်ငံရေးနှင့်   အမျိုးသားနိုင်ငံရေး လို့   (၂)မျိုး  ခွဲခြားနိုင်ပါတယ်။     ကျွန်ုပ်တို့     နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့်    နိုင်ငံသားတို့ဘဝ  သာယာလှပစေရန် နိုင်ငံ့အရေးဆောင်ရွက်သလို   ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့  အခြေခံမူအတိုင်း မြန်မာ့တပ်မတော်ဟာဆိုရင်ဖြင့်   အမျိုးသားနိုင်ငံရေးကို  ဦးဆောင်နေတာ တွေ့ရှိရပါတယ်။ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ညီနောင်တွေဖြစ်တဲ့ နိုင်ငံရေး ပါတီများနှင့်   တပ်မတော်တို့လက်တွဲပြီး   မတူညီတဲ့သဘောထားတွေကို ညှိနှိုင်းကာ  နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့အကျိုးအတွက် အလေးပေးဆောင် ရွက်သွားမယ်ဆိုရင်ဖြင့်  ကျွန်ုပ်တို့မျှော်မှန်းထားတဲ့  ခေတ်မီဖွံ့ဖြိုးတိုးတက် တဲ့ နိုင်ငံတော်ကြီး မလွဲမသွေဖြစ်လာမယ်လို့ ကျွန်ုပ်တို့အနေဖြင့် ယုံကြည် ပါတယ်။
ကျွန်ုပ်တို့ပါတီအနေဖြင့်   နိုင်ငံတော်ရဲ့   အခြေခံမူအတိုင်း  စစ်မှန်၍ စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားရေး၊  နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေးတို့ကို ဦးလည်မသုန် ထမ်းရွက်ခြင်းဖြင့် နိုင်ငံ့ အကျိုး၊   နိုင်ငံသား  လုပ်သားပြည်သူတို့၏အကျိုးကို  ဆောင်ရွက်ပါ့မယ်လို့ အစဉ်ကတိပြုရင်း   ကျွန်တော့်ရဲ့  ဟောပြောမှုကို   နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။
နိုင်ငံသားလုပ်သားပြည်သူများ  ဆန္ဒနှင့်ဘဝ   တစ်ထပ်တည်းကျပါ   စေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျား။