Skip to main content

အမျိုးသမီးပါတီ (မွန်) က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော်   အောက်တိုဘာ ၆

အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌ မိသန်းရှင်နှင့် ပါတီဝင် ဒေါ်အေးဝင်းတို့က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မင်္ဂလာပါရှင်
မြင့်မြတ်လှတဲ့  အခုလိုအခါသမယမှာ အမျိုးသမီးထုကိုယ်စားစကား ပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက် မိပါကြောင်း ပဏာမပြောကြား လိုပါတယ်။
ကျွန်မမိလယိုင်မန် (ခ) မိသန်းရှင်ဖြစ်ပါတယ်။ အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌတာဝန်ကို ယူထားပါတယ်။ အမျိုးသမီးပါတီ (မွန်) ကို (၈-၁၀-၂၀၁၄) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ယခုဆိုလျှင်  သက်တမ်း (၆) နှစ်သို့ ရောက်ခဲ့ပါပြီ။
အမျိုးသမီးပါတီ (မွန်) ကို မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင် ပြည်နယ်၊ ယခုဆိုရင် ဧရာဝတီတိုင်းကို ရောက်ရှိခဲ့ပါပြီ။
အမျိုးသမီးပါတီ (မွန်)  ပေါ်ပေါက်လာတာဟာ  လူမျိုးအတွက်၊  နိုင်ငံ အတွက် ဂုဏ်သိက္ခာမြင့်မားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့နိုင်ငံ တွေမှာ နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီး (၃၀%) ပါဝင်ရေးအတွက် မနည်း ကြိုးစားနေရတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့အမျိုးသမီးပါတီ (မွန်) က အမျိုးသမီးတွေဟာ နိုင်ငံရေးကဏ္ဍမှာ (၁၀၀%) ရာနှုန်းပြည့်ရနေပါတယ်။ ကျွန်မပါတီမှာဆိုရင်  အမျိုးသားများနှင့်  တန်းတူညီတူမကဘူး  ပါတီထဲတွင် အားလုံးအမျိုးသမီးများဖြစ်တဲ့အတွက်   နိုင်ငံရေးကဏ္ဍမှာ  (၁၀၀%) ပြည့် ရနေပါတယ်။
တခြားနိုင်ငံက မလုပ်နိုင်တဲ့ကိစ္စကို ကျွန်မတို့လုပ်နိုင်ခဲ့လို့ လူမျိုးအတွက်၊ နိုင်ငံအတွက် ဂုဏ်ယူရမှာပါ။ ဒါကလည်း  ကျွန်မလူမျိုး၊  ကျွန်မတို့နိုင်ငံက အမျိုးသမီးအပေါ် သဘောထားကြီးမှု  လူသားများအပေါ်ထားတဲ့  မြင့်မြတ်တဲ့ စိတ်ထားအရင်းခံကြောင့်ပါ။
အမျိုးသမီးပါတီ၏  အမှတ်တံဆိပ်  (လိုဂို)က  မိခင်မေတ္တာတရားလို ဖော်ညွှန်းထားပါတယ်။ ပါတီ၏ မူဝါဒသဘောထား ကလည်း အေးချမ်းတည်ငြိမ် တဲ့ ကမ္ဘာကြီး တည်ဆောက်ရန်ပါရှိပါတယ်။
အေးချမ်းတည်ငြိမ်တဲ့ ကမ္ဘာကြီးကို မတည်ဆောက်ခင် ကျွန်မတို့နိုင်ငံရဲ့ အေးချမ်းတည်ငြိမ်တဲ့ နိုင်ငံကြီးကို  အရင်တည်ဆောက်ချင်ပါတယ်။ နိုင်ငံအေးချမ်းဖို့ဆိုတာ ငြိမ်းချမ်းရေးတစ်ခုတည်းနှင့် မပြီးဘူး။ စားဝတ်နေရေးလည်း အဓိကကျပါတယ်။ အခြေခံလူတန်းစားတို့ရဲ့ စားဝတ်နေရေးသည် လက်ရှိ ကျွန်မတို့နိုင်ငံမှာ အလွန်အရေးကြီးနေပါတယ်။ စားဝတ်နေရေးအဆင်ပြေဖို့ စီးပွားရေးကဏ္ဍကို မြှင့်တင်ရပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် အမျိုး သမီးပါတီ (မွန်)ရဲ့ ဆောင်ပုဒ်တစ်ခုကတော့   အခြေခံလူတန်းစား   စားဝတ်နေရေးအဆင်ပြေဖို့  စီးပွားရေးကဏ္ဍမြှင့်တင်စို့  ဆိုတဲ့ဆောင်ပုဒ်ပဲ   ဖြစ်ပါတယ်။ အမျိုးသမီးပါတီရဲ့   ဖွဲ့စည်းပုံမှာ  စီးပွားရေးကဏ္ဍကို  အပြည့်အဝ ထည့်သွင်း ထားပါတယ်။
ယဉ်ကျေးမှုကဏ္ဍကိုလည်း ထည့်သွင်းဆွေးနွေးချင်ပါတယ်။ ယနေ့ခေတ် ကာလ    အနေအထားအရ   ကျွန်မတို့နိုင်ငံမှာ  ယဉ်ကျေးမှု  ယိမ်းယိုင်နေ ပါတယ်။ ယဉ်ကျေးမှု   ယိမ်းယိုင်၍   ကြုံတွေ့ရတဲ့  နောက်ဆက်တွဲကတော့ အမျိုးသမီးနှင့် ကလေးငယ်တွေပါပဲ။ ကျွန်မတို့ လက်ရှိအနေအထားမှာ ကျွန်မတို့ နိုင်ငံမှာ   မွေးကင်းစကလေးငယ်နှင့်သက်ကြီး ရွယ်အိုများ   ဒုက္ခရောက်နေ ရပါတယ်။
ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ ပျက်စီးလာသည်နှင့်အမျှ “ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဆိုတဲ့ ကျွန်မတို့ ချစ်စရာကောင်းတဲ့ စိတ်ဓာတ်တွေပျက်ပြားကုန်ပြီး  ကြီးသူကိုလည်း မရိုသေတော့၊ ရွယ်တူကိုလည်း မလေးစားတော့၊ ငယ်သူအားနည်းသူကိုလည်း မသနားတော့တဲ့ စိတ်ဓာတ်တွေ ဝင်လာတဲ့အခါ  မဖြစ်သင့်တာတွေ  ဖြစ်လာတယ်။  မိခင်မေတ္တာတရားလည်း နည်းလာတယ်။ သားသမီးကျင့်ဝတ်တွေလည်း နည်းလာတယ်။ မေတ္တာတရား ခေါင်းပါးလာတဲ့အခါမှာ  အေးချမ်းမှုဆိုတာ  ကွယ်ပျောက်သွားနိုင်ပါတယ်။ ဒါတွေကို အချိန်မီပြင်ရပါမည်။
အမျိုးသမီးများသည်  လူသားတစ်ဦးဖြစ်သည့်အတွက်  အမျိုးသားများ နည်းတူ မိမိလူမျိုး၊ မိမိတိုင်းပြည်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကျိုးပြု ချင်ကြတယ်။ အမျိုးသမီးပါတီ (မွန်) တည်ထောင်သည့် ရည်ရွယ်ချက်မှာလည်း အမျိုးသား၊  အမျိုးသမီးခွဲခြားရန်အတွက်  မဟုတ်ဘဲ  မိမိတို့အစွမ်းအစကို လူမျိုးအတွက်၊ တိုင်းပြည်အတွက် အကျိုးပြုခြင်းသာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကြီးသည် အားလုံးပျော်ရွှင်သော၊ အားလုံးစိတ်ချမ်းသာ‌ သော  ရွေးကောက်ပွဲကြီးဖြစ်ပါစေဟု  ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ် ပါသည်။
မင်္ဂလာပါရှင်
အခုလို  မင်္ဂလာရှိတဲ့အချိန်မှာ  ဧရာဝတီတိုင်းဒေသကြီး  အမျိုးသမီးထု ကိုယ်စား စကားပြောခွင့်ရတဲ့အတွက် အထူးပင် ဝမ်းသာပီတိဖြစ်မိပါကြောင်း ပဏာမပြောကြားလိုပါတယ်ရှင်။ ကျွန်မက ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မဲဆန္ဒနယ်မြေမှာ  အမျိုးသမီးပါတီ  (မွန်)မှ တိုင်းဒေသကြီး  ကိုယ်စားလှယ်အဖြစ်  ဝင်ရောက်ရွေးချယ်ခံမည့်  အငြိမ်းစား ကျောင်းဆရာမ ဒေါ်အေးဝင်း ဖြစ်ပါတယ်ရှင်။
ယနေ့မျက်မှောက်ကမ္ဘာပေါ်မှာရှိသည့်  လူဦးရေကို  လေ့လာကြည့်မည်ဆိုလျှင် လူဦးရေထက်ဝက်ကျော်သည် အမျိုးသမီးတွေဖြစ်ပါသည်။ အမျိုးသမီး အများစုဟာ အချို့သောနိုင်ငံတွေမှာ  အမျိုးသားများနှင့်  တန်းတူအခွင့်အရေး မရှိခြင်း  မရှိသေးသည်ကို  တွေ့ရပါသည်။  အမျိုးသားများနှင့်  တန်းတူအခွင့် အရေး  မရပေမယ့်  အမျိုးသားများနည်းတူ  မိသားစုတာဝန်၊ နိုင်ငံတာဝန်ကို ထမ်းဆောင် နေကြရပါသည်။  လိင်နှင့်   ဖွဲ့စည်း တည်ဆောက်ပုံအရ   အမျိုးသား များထက်      အားနည်းမှုကြောင့်  အနိုင်ကျင့်မှုများကိုလည်း  အမြဲတစေ    ခံစားနေရသည်ကိုလည်း       တွေ့ရ ပါသည်။
ကျွန်မတို့   အမျိုးသမီးတွေမှာ မိခင်နှင့်တူသော မေတ္တာတရားအပြည့် အဝ ရှိကြပါသည်။ ဒါပေမယ့်  တကယ်တမ်း လေ့လာကြည့်တဲ့အခါမှာ အမျိုး သမီးတွေရဲ့ဘဝ၊   အမျိုးသမီးတွေရဲ့ ကဏ္ဍသည် နိုင်ငံအတော်များများမှာလည်းကောင်း၊ အဖွဲ့အစည်း အတော် များများမှာလည်းကောင်း၊ အရေးပေး ခံရခြင်းအားနည်းလျက်ရှိပြီး အမျိုးသားများ  နည်းတူ၊ တန်းတူညီတူ အခွင့်အရေးများမရဘဲ   လက်လွှတ်ဆုံးရှုံးလျက်   ရှိနေသည်ကို   တွေ့ရပါ တယ်ရှင်။
အဓိကအားဖြင့် ကျွန်မတို့အမျိုးသမီးပါတီ (မွန်) သည်
- အမျိုးသမီးအားလုံးရဲ့  ရပိုင်ခွင့်ကို လူသားတစ်ဦး၏ ရပိုင်ခွင့်အတိုင်း အပြည့်အဝရရှိစေဖို့
- မတူကွဲပြားနေတဲ့ အမျိုးနွယ်များကြား အမျိုးသမီးတို့၏ တန်းတူရည်တူ ရပိုင်ခွင့်အတိုင်း အမျိုးသမီးအားလုံး အပြည့်အဝရရှိစေရန်
- ကမ္ဘာပေါ်ရှိ  အမျိုးသမီးများအားလုံးနှင့်  အမျိုးသမီးပါတီများအကြား ကွန်ရက်ဆက်သွယ်ဆောင်ရွက်သွားနိုင်ဖို့နှင့်
- အေးချမ်းတည်ငြိမ်ပြီး     သာယာဝပြောသော    လူ့ဘောင်ကြီးတည်ဆောက်နိုင်ဖို့ဆိုသည့် သဘောထားကို ဦးတည်ထားပါသည်။
ကမ္ဘာကြီးတစ်ခုလုံးတွင်ရှိသော အမျိုးသမီးထုသည် ကမ္ဘာကို အုပ်စိုးနိုင်သည့်အတွက်  အခြေခံဖြင့်  အခွင့်အရေးတန်းတူရရှိရေးသည် မလွဲမသွေ လိုအပ်လျက် ရှိလာပါပြီရှင်။ ကျွန်မတို့အမျိုးသမီးပါတီ (မွန်)၏ တံဆိပ်မှာ လည်း   နောက်ခံကြည်ပြာရောင်  လပြည့်ဝန်းပုံစံဖြစ်ပြီး  ငြိမ်းချမ်းသော ကမ္ဘာကြီးတွင် မိခင်မေတ္တာတရားဟူသော အလင်းရောင်လွှမ်းခြုံပေးနေသော လပြည့်ဝန်းပုံကို မှတ်သားထားပြီး အလယ်တွင် ဟင်္သာမောင်နှံပုံ ပါရှိသည်ကို တွေ့ရပါမယ်ရှင်။
အေးချမ်းပြီး ငြိမ်းချမ်းသော ကမ္ဘာကြီးကို မိခင်မေတ္တာအခြေခံထားသော အမျိုးသမီးထုကြီး   လွှမ်းခြုံနိုင်ပါစေကြောင်း  ဆုမွန်ကောင်းတောင်းအပ် ပါတယ်ရှင်။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။