နေပြည်တော် အောက်တိုဘာ ၆
ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းနိုင်နိုင်ကျော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို အောက်တိုဘာ ၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
မိဘပြည်သူများနှင့်တကွ ရှမ်းနီ(တိုင်းလျန်) မျိုးနွယ်စုများနှင့်အတူနေ ညီနောင်တိုင်းရင်းသားများအားလုံး ကမ္ဘာ့ကပ်ရောဂါ(COVID-19)မှ ကင်းရှင်းကြပါစေ။ ပြည့်ဝလုံခြုံသော လူမှုဘဝများကိုလည်း တည်ဆောက် နိုင်ကြပါစေ လို့ ဦးစွာပထမ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ကျွန်တော်ကတော့ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး ) ဦးစိုင်းနိုင်နိုင်ကျော် ဖြစ်ပါတယ်။
မိဘပြည်သူအပေါင်းတို့ခင်ဗျား
ကျွန်တော်တို့ ရှမ်းနီ(တိုင်းလျန်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုဝင် အပေါင်းတို့ဟာ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာ ကတည်းက မြန်မာနိုင်ငံအတွင်း ဝင်ရောက်အခြေချနေထိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီလို အခြေချနေထိုင်ရာမှာ ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေဟာ နယ်သစ်၊ ပယ်သစ် ရှာဖွေတွေ့ရှိပြီး ခုတ်ထွင်ရှင်းလင်းကာ ဓားမဦးချ အခြေချနေထိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် အုပ်ချုပ်မှု အတတ်ပညာတွေ လည်း အဲဒီကတည်းက အဆင့်မြင့်ထွန်းကားနေခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ ရှမ်းနီ(တိုင်းလျန်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ အခြေချ နေထိုင်လျက်ရှိတဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်းမြောက်ပိုင်းမှာ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး၊ နန်းယွန်း၊ ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်တို့ဖြစ်ကြပြီး ကချင်ပြည်နယ်မှာ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ တနိုင်း၊ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ မံစီတို့ဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းမှာ မိုးမိတ်၊ မဘိမ်းဒေသများပဲ ဖြစ်ပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေးခေတ်မှာ ကျွန်တော်တို့ရှမ်းနီတွေဟာ ဝန်းသိုစော်ဘွား ဦးအောင်မြတ်ဦးဆောင်ပြီး နယ်ချဲ့ အင်္ဂလိပ်တွေကို ခုခံတိုက်ခိုက်ခဲ့ ကြပါတယ်။ နယ်ချဲ့တော်လှန်ရေးနှင့် ဖက်ဆစ်ဆန့်ကျင်ရေးတွေမှာ အသက် သွေးချွေးတို့ကို ပဓာနမထားဘဲ စွမ်းစွမ်းတမံ တော်လှန်တိုက်ခိုက်ခဲ့ကြလို့ နိုင်ငံတော်က မော်ကွန်းဝင် ဆုတံဆိပ်ပေါင်း (၇၀)ကျော် ချီးမြှင့်ပြီး အသိအမှတ် ပြုခဲ့ပါတယ်။
လွတ်လပ်ရေးရပြီး ရောင်စုံသောင်းကျန်းသူခေတ်မှာ ကျွန်တော်တို့ ရှမ်းနီအပါအဝင် မြောက်ပိုင်းမျိုးနွယ်စုဝင်တို့ဟာ လက်နက်ကိုင်ဆန့်ကျင်ခြင်း မပြုခဲ့ဘဲ နိုင်ငံတော်နှင့် ဒိုးတူပေါင်ဖက် တစ်သားတည်း နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား
ယခုကဲ့သို့ ကျွန်တော်တို့ ရှမ်းနီလူမျိုးများဟာ ပြည်ထောင်စုအပေါ်မှာ သစ္စာစောင့်သိ တာဝန်ကျေပွန်ခဲ့ပေမယ့် အခြားအတူနေ တိုင်းရင်းသားများ ကဲ့သို့ နိုင်ငံရေးအခွင့်အလမ်း တန်းတူညီမျှမှု မရရှိခဲ့သေးပါဘူး။
ဒါကြောင့် တိုင်းရင်းသားများနည်းတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့၊ ကိုယ့်လူမျိုးအမည်မှန်ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားမှာ ထည့်သွင်းနိုင်ဖို့ ကျွန်တော်တို့ပါတီက စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကို တရားဝင်တင်ပြ တောင်းခံသွားနိုင်ဖို့ပဲ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့နဲ့ပူးပေါင်းကြပါ၊ အားပေးကြပါ၊ ထောက်ခံကြပါလို့ နှိုးဆော်တိုက်တွန်းအပ်ပါတယ်။
ကျွန်တော်တို့ပါတီရဲ့ မူဝါဒ၊ ရှေ့လုပ်ငန်းစဉ်တို့နဲ့ပတ်သက်ပြီး ပါတီမှ တာဝန်ပေးချက်အရ ပါတီရဲ့နောက်ခံသမိုင်း၊ မူဝါဒများနဲ့ ရှေ့ဆက်ဆောင်ရွက် မယ့် လုပ်ငန်းစဉ်များကို မိဘပြည်သူများအား အသိပေးတင်ပြသွားမှာ ဖြစ်ပါ တယ်။
မိဘပြည်သူများခင်ဗျား
သမိုင်းအရ တစုတစည်းတည်းရှိနေတဲ့ ကျွန်တော်တို့ ရှမ်းနီလူမျိုးများ နေထိုင်ရာဒေသတစ်ခုလုံးဟာ ၁၉၄၈ ခုနှစ် ပါလီမန်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းကို နယ်မြေခွဲဝေ သတ်မှတ် ခံခဲ့ရပါတယ်။ ကျွန်တော်တို့နေထိုင်ရာဒေသဟာ ခေတ်အဆက်ဆက် အစိုးရများရဲ့ အုပ်ချုပ်ရေးပုံစံများကြောင့် ရေမြေတစ်ဆက်တစ်စပ်တည်းရှိသော်လည်း ခွဲခြားအုပ်ချုပ်ခံခဲ့ရပြီး တစုတစည်းတည်း နေထိုင်ခွင့်၊ လူမျိုးစုများ ပူးပေါင်း ဆောင်ရွက်ခွင့်များ ပျောက်ဆုံးခဲ့ရပါတယ်။
ဒါ့ကြောင့် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲ များနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းမှုကြောင့် နယ်မြေတစ်ခုနဲ့ တစ်ခု ဆက်စပ်မှုကင်းကွာခဲ့ပြီး ကျွန်တော်တို့ရဲ့ ရှမ်းနီနဲ့ မြောက်ပိုင်းရှမ်း မျိုးနွယ်စုများအတွက် တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံရေးအခွင့်အလမ်း၊ ကိုယ့်လူမျိုးအတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှု အခွင့်အရေးများ ဆုံးရှုံးခဲ့ရပါတယ်။
အကျိုးဆက်ကတော့ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားအခွင့်အရေး အစရှိတဲ့ ဘက်ပေါင်းစုံမှာ အောက်ကျနောက်ကျ ချွတ်ခြုံကျခဲ့ရတယ်လို့ ဆိုချင်ပါတယ်။ နယ်မြေဒေသ အခြေအနေ မတည်ငြိမ်မှုနဲ့ နိုင်ငံရေးစနစ်များအောက်မှာ မဖွံ့ဖြိုးမှု၊ ကြောက်ရွံ့ မှု၊ မလုံခြုံမှု၊ ဆင်းရဲမှု၊ အသိပညာအားနည်းမှု၊ ကျန်းမာရေးချို့တဲ့မှုများနဲ့ ကျွန်တော်တို့ ရှမ်းနီလူမျိုးများ၊ ဒေသခံပြည်သူလူထုများ ယနေ့တိုင် ရင်ဆိုင် နေကြရဆဲ ဖြစ်ပါတယ်။
အတိုချုပ်ပြောရင် အထက်ပါအခြေအနေ၊ အဖြစ်အပျက်များကို အကြောင်းခံပြီး ကျွန်တော်တို့နေထိုင်ရာဒေသ၊ ကျွန်တော်တို့ ရှမ်းနီမျိုးနွယ်စုများနဲ့ ဒေသခံပြည်သူများအတွက် နောက်ထပ်မတွေ့ကြုံ၊ မခံစားရလေအောင် ဒီလိုအဆိုးသံသရာ ဖြစ်စဉ်အောက်မှ လွတ်မြောက်အောင် ကျွန်တော်တို့ရဲ့ (S.S.P-ပါတီ) ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါကြောင်း မိဘပြည်သူများကို လေးစားစွာ တင်ပြအပ်ပါတယ်။
မိဘပြည်သူများခင်ဗျား
ဆက်လက်ပြီးတော့ ကျွန်တော်တို့ S.S.P ပါတီရဲ့ ရည်ရွယ်ချက်၊ မူဝါဒ များနဲ့ ရှေ့လုပ်ငန်းစဉ်များကို အကျဉ်းချုံး တင်ပြသွားမှာဖြစ်ပါတယ်။
ရည်ရွယ်ချက်တွေကတော့
(က) နိုင်ငံသားအားလုံး၏ အခြေခံလူ့အခွင့်အရေးများကို အာမခံနိုင်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအား ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန်။
( ခ ) နိုင်ငံတော်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးအတွက် ပါဝင်ဆောင်ရွက်ရန်။
(ဂ ) ဒေသခံတိုင်းရင်းသားများအချင်းချင်း ယှဉ်တွဲနေထိုင်၍ နေထိုင်ရာဒေသ၏ အကျိုးစီးပွားများကို ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက်များကို ဖော်ထုတ်ဆောင်ရွက်ရန်။
(ဃ) ပျောက်ကွယ်နေပြီဖြစ်သော တိုင်းရင်းသားတို့၏ အမျိုးသားရေး လက္ခဏာ ပြန်လည်ဖော်ဆောင်နိုင်ရန်နှင့် သမိုင်းအမွေအနှစ်၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရန်။
( င ) အမည်နာမနှင့် နေရာဒေသကွဲပြားနေသော မိမိတို့၏အမျိုးသားများ အားလုံးပြန်လည်စုစည်းပြီး အမျိုးသားစည်းလုံးညီညွတ်ရေးအား တည်ဆောက်ရန်။
( စ ) ပြောင်းလဲနေသော မြန်မာ့နိုင်ငံရေး အခြေအနေပေါ်မူတည်၍ ရှမ်းနီနှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ၏ အမျိုးသားအကျိုးစီးပွားအား ဖော်ဆောင်ရယူရန်။
(ဆ) မငြိမ်းချမ်းမှု၊ မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာသော မတရား ဖိနှိပ်မှု၊ ဆက်ကြေးကောက်ခံမှု၊ လူသူစုဆောင်းမှု၊ အဓမ္မညှဉ်းပန်းနှိပ်စက်မှု များအား နိုင်ငံရေးနည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ရန်။
ပါတီ၏မူဝါဒသဘောတရားများ
(က) ဒီမိုကရေစီနည်းလမ်းအရ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်မှသာ၊ တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော တရားမျှတမှုနှင့် တန်းတူ ညီမျှသော နိုင်ငံတော်ဖြစ်ပေါ်မည်ဟု ယုံကြည်သည်။
( ခ ) မိမိတို့နေထိုင်ရာဒေသအလိုက် သော်လည်းကောင်း၊ နိုင်ငံတော်တစ်ဝန်းလုံး၌ သော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိနိုင်ရန် ရည်ရွယ်သည်။
( ဂ ) နိုင်ငံတော်၌သော်လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း၊ တိုင်းရင်းသားများအချင်းချင်း အေးချမ်းစွာအတူယှဉ်တွဲနေထိုင်ပြီး တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ တန်းတူညီမှု၊ တရားမျှတမှုများအား လက်ကိုင်ထား၍ ဒေသအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွားများအား ဖော်ဆောင်နိုင်ရန် ရည်မှန်းသည်။
(ဃ) တိုင်းရင်းသားအရေးကိစ္စအား စစ်မှန်သောစေတနာဖြင့် အမှန်တကယ် ဦးဆောင်ဆောင်ရွက်မည့်ပါတီ ဖြစ်ပေါ်လာရေး၊ တိုင်းရင်းသား(လူနည်းစု)မျိုးနွယ်စုများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် ပါတီ၏အဓိကမူဝါဒအဖြစ် သတ်မှတ်သည်။
( င ) မိမိတို့ရှမ်းနီနှင့် ရှမ်းမျိုးနွယ်စုများ အကျိုးစီးပွားအတွက် တိုင်းရင်းသားပါတီအဖွဲ့အစည်းများ၊ ဒေသအလိုက် တည်ရှိနေသော လူမှုရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်မည်။
( စ ) မည်သည့်ပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မခွဲခြားဘဲ ပါတီမူဝါဒ သဘောတရားများနှင့်အညီ တိုင်းရင်းသားအရေး၊ ဒေသအရေး၊ နိုင်ငံအရေး ကိစ္စများအား ပူးပေါင်းဆောင်ရွက်မည်။
(ဆ) ရှမ်းနီနှင့်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ၏ အရေးကိစ္စများအား ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိသည့် မည်သည့်ပုဂ္ဂိုလ်မဆို၊ လူမျိုး၊ ဘာသာမရွေး ပါတီမှ ပါတီဝင်အဖြစ် လက်ခံမည်။
( ဇ ) နိုင်ငံရေးမဟာမိတ်မူဝါဒကို လက်ခံကျင့်သုံးမည်။
မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့ ရှမ်းနီ(တိုင်းလျန်)နဲ့ မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ နေထိုင်တဲ့ ဒေသများဟာ တည်ငြိမ်အေးချမ်းမှု မရှိသေးဘဲ ယနေ့ထက်တိုင် လက်နက်ကိုင်တိုက်ပွဲများ မရပ်စဲနိုင်သေးတာ မိဘပြည်သူများလည်း သိပြီး ဖြစ်မှာပါ။ ဒီလိုကာလ၊ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ လူမျိုးစုများ၊ ဒေသခံလူထုများအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း ဆိုတဲ့ အခွင့်အရေးများကို မမျှော်လင့်နိုင်တဲ့အပြင် ဒေသအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွား လို့ဆိုရမှာဖြစ်တဲ့ စီးပွားရေးလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ သယံဇာတတူးဖော်ထုတ် လုပ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း အစရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ဖို့ အခွင့်အလမ်း နည်းပါးနေတာကို နားလည်နိုင်မှာပါ။ ဒါ့အပြင် အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းတည်ဆောက်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စက်မှုလုပ်ငန်းများ တည်ထောင်ရေးအစရှိတဲ့ လုပ်ငန်းများကိုတည်ထောင်၊ ဆောက်လုပ်နိုင်မှာ မဟုတ်ပါ။ ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် ပထမဦးစွာ လိုအပ် တာဟာ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လက်နက်ကိုင်တိုက်ပွဲများ ရပ်စဲရေး တစ်နည်းပြောရရင် ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့အတွက် အဓိက အရေးအကြီးဆုံး၊ ဦးစားပေးရမယ့် လုပ်ငန်းဖြစ်တယ်လို့ ကျွန်တော်တို့ ပါတီက ခံယူထားပါတယ်။
ဒါကြောင့် ကျွန်တော်တို့ (S.S.P)ပါတီအနေဖြင့် အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်(၄)ရပ် ချမှတ်ပြီး ဆောင်ရွက်နေ ပါတယ်။
နံပါတ်(၁)လုပ်ငန်းစဉ်အနေဖြင့် ရှမ်းနီလူမျိုးများနှင့် အတူနေတိုင်းရင်းသားများ၏ တစ်ဦးချင်းဘဝ တိုးတက်မြင့်မားရေးအတွက်လည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သော ရတနာတစ်ပါး ဖြစ်ပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် S.S.P ပါတီက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နံပါတ်(၂) လုပ်ငန်းစဉ်အနေနှင့် အပစ်အခတ်ရပ်စဲရေးမှသည် နိုင်ငံရေး ဆွေးနွေးပွဲစားပွဲဝိုင်းဆီသို့ နိုင်ငံရေးယဉ်ကျေးမှု အဆင့်မြင့်မြင့် ဆွေးနွေး နိုင်ကြရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ် ကို ဖော်ဆောင်ဖို့ရန် ဖြစ်ပါတယ်။
နံပါတ်(၃) လုပ်ငန်းစဉ်အနေဖြင့် ရှမ်းနီလူမျိုးများနှင့် အတူနေတိုင်းရင်းသား များ၏ဒေသလမ်းပန်းဆက်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တောနှင့်သဘာဝရင်းမြစ် ထိန်းသိမ်းတိုးတက်စေရေး၊ မွေးမြူရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးစသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များအား အမျိုးသား အကျိုးစီးပွား လုပ်ငန်းစဉ်များအဖြစ် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
နံပါတ်(၄) လုပ်ငန်းစဉ်အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အခြေခံခိုင်မာပြီး ပြည်သူလူထုတစ်ရပ်လုံးကို အကျိုး ဖြစ်ထွန်းစေသောအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာရေး၊ သန့်ရှင်း ကောင်းမွန်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာရေး၊ ပြည်သူက လေးစား တန်ဖိုးထားသော တရားစီရင်မှုများ ဖြစ်ထွန်းလာစေရေး အစရှိတဲ့ ပြည်ထောင်စုအဆင့် လုပ်ငန်းစဉ်ကို အခြားနိုင်ငံရေး အင်အားစုများနဲ့အတူ အကောင်အထည်ဖော်ဆောင်ရန် ဖြစ်ပါတယ်။
ကျွန်တော်တင်ပြခဲ့တဲ့ ဖော်ပြပါ လုပ်ငန်းစဉ်(၄)ရပ်ကို ရှမ်းနီမျိုးနွယ်စုများ နှင့် အတူနေတိုင်းရင်းသား မျိုးနွယ်စုများအနေဖြင့် ပကတိတည်ရှိနေတဲ့ နယ်မြေဒေသ အခြေအနေ၊ နိုင်ငံရေးအခြေအနေများအောက်တွင် မြို့နယ် တစ်ခုချင်းရဲ့တိုးတက်ဖွံ့ဖြိုးရေး၊ ဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိဘပြည်သူများက ကျွန်တော်တို့ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (S.S.P-ပါတီ) ကို ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ပေးမယ်ဆိုရင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွား ပါမယ်ဆိုတာ ကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
(အားလုံးကို ကျေးဇူးတင်ပါတယ်)