Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) နှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာနတို့အား ကြည့်ရှုအားပေး

နေပြည်တော် မတ် ၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ထမ်းများ၏တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးက ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသည့် သင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်ရန်၊ နည်းပညာရည်ပြည့်ဝပြီး ကျင့်ဝတ်၊ စည်းကမ်းများကို လေးစားလိုက်နာသည့် လူငယ်ပညာရှင်များပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားပြီး ယာယီနေထိုင်လျက်ရှိသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေများကို ပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများ၌ သုတေသနပရောဂျက်များ ဆောင်ရွက်လျက်ရှိသည့် ကျောင်းသားများကို ကြည့်ရှုအားပေးပြီး ဒေသတွင်း MSME များ ဖွံ့ဖြိုးရေး အတွက် အဓိကစွမ်းအားစုများအဖြစ် ပါဝင်ဆောင်ရွက်နိုင်သော နည်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ရောက်ရှိပြီး နေပြည်တော်၌ကျင်းပခဲ့သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် ဌာနများ၊ လုပ်ငန်းရှင်များက တောင်းခံထားသော နည်းပညာများကို လွှဲပြောင်းဖြည့်ဆည်းပေးနိုင်ရေးနှင့် သင်တန်းများ ပို့ချနိုင်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရလဒ်များကို ကြည့်ရှုစစ်ဆေးကာ အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်ပြည့်မီစေရေး တစ်တပ်တစ်အားဖြစ်စေမည့် နိုင်ငံ့အကျိုးပြု ဇီဝနည်းပညာ သုတေသနများဖြင့် ရှင်သန်သက်ဝင်နေသည့် ရပ်ဝန်းကောင်းတစ်ခုဖြစ်စေရေး ရည်မှန်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ တာဝန်ရှိသူများထံ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်