Skip to main content

သတင်းခေတ်တွင် သတင်းအစစ်ကို ဉာဏ်ဖြင့်မြင်ရန်

၂၀ ရာစုအကုန်ပိုင်းကာလကစ၍ ကမ္ဘာပေါ်တွင် သတင်းနှင့် နည်းပညာ ခေတ်သစ်တစ်ခု ပေါ်ထွန်းလာပြီဟု ကြွေးကြော်ခဲ့ကြ၏။ သတင်းအချက် အလက်နှင့် နည်းပညာ မဟာအဝေးပြေး လမ်းမကြီးပေါ်ဟု တင်စားကြ၏။ ကမ္ဘာနှင့်အဝန်းကို ချိတ်ဆက်သွယ်တန်းထားသည့် ကွန်ရက်များပေါ်တွင် အသစ်အသစ်သော သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဖန်တီးတီထွင်မှု အမျိုးမျိုးတို့ အပြိုင်အဆိုင် အလုအယက် ပြေးလွှားကြကုန်သည်။
တီထွင်ဖန်တီးနိုင်မှုတို့က လျင်မြန်လွန်းလှသည် ဖြစ်ရကား ကမ္ဘာ့အနောက်ခြမ်းက အဖြစ်အပျက်တစ်ခုကို ဖြစ်ပျက်နေသည့် တစ်ခဏချင်းမှာပင် ကမ္ဘာ့အရှေ့ခြမ်းက လူတို့က မြင်နေရကြားနေရပြီ ဖြစ်ပေသည်။ သတင်းပျံ့နှံ့မှုက မြန်လွန်းလှသည်မို့ ကမ္ဘာကြီးသည် ရွာကြီးဖြစ်ခဲ့ပြီဟုလည်း တင်စားကြ၏။ ရွာထဲမှာ မည်သည့်နေရာတွင် မည်သို့သော လှုပ်ရှားမှုဖြစ်ဖြစ် မောင်းကြေးနင်းခတ် စရာမလို၊ ချက်ချင်း ဆိုသလို တစ်ရွာလုံး သိတော့သည်။
သတင်းတို့က ခုဖြစ်၊ ခုသိ ဖြစ်လာသည့်အတွက် ခုတုံ့ပြန် ဖြစ်လာသည်။ အချို့သော တုံ့ပြန်မှုများမှာ အချိန်ယူစဉ်းစားရန် ရှိသော်လည်း သတင်းခေတ် လျင်မြန်မှုနှင့် အမီလိုက်ရသည့်အခါ မလိုလားအပ်သော အလွန်အကျွံဖြစ်မှုများနှင့် ကြုံရသည်တို့ ရှိလာသည်။ ရုတ်ခြည်းတုံ့ပြန်မှုများက ရံဖန်ရံခါ ကြမ်းတမ်းသော တုံ့ပြန်မှုများအသွင် ပြောင်းသွားတတ်၏။ “သည်လိုထဲတွင် နည်းပညာပိုင်း တိုးတက်မှုက အံ့မခန်းဖြစ်လာသောကြောင့် လုပ်ကြံသတင်းများ၊ သတင်းအတုများက ဟုတ်မှန် သယောင်ယောင် ဖြစ်လာသည်လည်းရှိ၏။ အထူးသဖြင့်မူ နည်းပညာတန်ခိုးဖြင့် လူမှုကွန်ရက်က လွန်စွာ ကျယ်ပြန့်လာသည့်အခါ လူတန်းစားအသီးသီးတို့ထံသို့ လျင်လျင်မြန်မြန် ပျံ့နှံ့ရောက်ရှိတော့သည်။ အလွှာအသီးသီး လူတန်းစားအသီးသီးသို့ ရောက်ခြင်း၊ ဖြစ်သည့်အတွက် သတင်းအတု၊ သတင်းယောင်၊ လုပ်ကြံသတင်း တို့သည် အလွန်အန္တရာယ်များလာသည်။ သတင်းအတုများ ဖန်တီးကြရရာ၌ အများပြည်သူကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည့်ကိစ္စများကို အထူးတလည် အလေးအနက်ထား ဆန်းစစ်ကြရန် လိုအပ်ပါသည်။
ယခုလို ကိုဗစ် ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် အစိုးရနှင့် ကျန်းမာရေးပညာရှင်တို့က တာဝန်ရှိရှိ အရေးတယူ ဆောင်ရွက်နေရာ၌ ပြည်သူလူထုကို အရေးကြီးသော သတင်းနှင့် အချက်အလက်များကို ပေးပို့ဖြန့်ဝေခြင်းသည်လည်း တာဝန်တစ်ခုဖြစ်ပါသည်။ ယင်းသို့ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းတို့ကို အနှောင့်အယှက် ဖြစ်စေမည့် သတင်းအမှားများ၊ ဟုတ်နိုးနိုးဖြစ်စေ နားယောင်နိုင်စေ နားဝေတိမ်တောင်ဖြစ်စေမည့် တလွဲ နည်းလမ်းများ၊ မရေရာသော အချက်အလက်နှင့် ဆေးမြီးတိုများ စသည်တို့ကို အချို့သောသူတို့က ထုတ်ဝေဖြန့်ချိနေသည်တို့ကို တွေ့ရပါသည်။ ယင်းသည် အမှန်ပင် အန္တရာယ်ကြီးလှပါ၏။
ဤသို့သော လုပ်ကြံသတင်းနှင့် အချက်အလက်မှားများကို ထုတ်လုပ်ဖြန့်ချိနေခြင်းသည် ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ဖျက်လို ဖျက်ဆီးလုပ်သည်ဟု အဓိပ္ပာယ်ရပါသည်။ ။
အထူးသဖြင့် လူမှုကွန်ရက်တွင် မိမိတို့တစ်ဦးချင်းပိုင် နံရံကြီးတစ်ခုရှိနေရာ ထိုနံရံပေါ်တွင် ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ ရေးခွင့် ဖြန့်ဝေခွင့်ရှိ သည်မှန်သော်လည်း အများပြည်သူကို ထိခိုက် နစ်နာစေမည်ဆိုပါက ဥပဒေကို ချိုးဖောက်နေပြီဖြစ်ကြောင်းကိုလည်း သတိပြုသင့် ပါသည်။
ထိုမသမာသည့် ဖြန့်ဝေမှုတို့မှစကာ နားယောင်သူတို့က အဆင့်ဆင့် ကူးလူးပျံ့နှံ့ရင်း အများပြည်သူကြားသို့ ရောက်ရှိလာသောအခါမလိုလားအပ်သည့် အထိတ်တလန့်ဖြစ်စရာများ၊ စိုးရိမ် ပူပန်မှုများ၊ ကြောင့်ကြမှုများ ဖြစ်ပေါ်စေပါသည်။ ။
ထို့ပြင် အန္တရာယ်များသည့် နည်းလမ်းမှားများ၊ ဟုတ်နိုးနိုး ဆေးမြီးတိုများက လူတို့၏အသက်ဘေးကိုပါ ထိခိုက်စေနိုင်သည်ကို သတိပြုသင့်ပါသည်။ ။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်ကပ်ရောဂါနှင့် စပ်လျဉ်းသော သတင်းနှင့် အချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သတင်းစာ၊ ရုပ်မြင်သံကြားတို့၏ တရားဝင် ထုတ်ပြန်ချက်များပေါ်တွင် အခြေခံ၍ ဆန်းစစ်ကြရန် လိုပါသည်။
အသက်ဉာဏ်စောင့်ဆိုသည့်အတိုင်း လူတိုင်းတွင် ဆန်းစစ်တိုင်းထွာသော ဉာဏ်ပညာဖြင့် ချင့်ချိန်သုံးသပ်ကြရန် လိုပါသည်။ တာဝန်ရှိရှိ ပြောဆို ထုတ်ပြန် ဖြန့်ဝေသော သတင်းများ၊ အချက်အလက်များ၊ စည်းကမ်းဥပဒေများကိုသာ ယုံကြည်လိုက်နာကြခြင်းဖြင့် နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ အသက်ရှည်ရာ အနာမဲ့ကြောင်း ကျင့်ကြံနိုင်ကြပါစေသတည်း။ ။