Skip to main content

(၁၉) ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ  ၆

မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် (၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေ အရာရှိကြီးများ အစည်းအဝေး(ASLOM)နှင့် လုပ်ငန်းအဖွဲ့ (Working Group) အစည်းအဝေးကို  အောက်တို ဘာ ၅ ရက်  မှ ၇ ရက်အထိ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပလျက် ရှိသည်။

အဆိုပါ ASLOM အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်နှင့် အာဆီယံ ၁၀ နိုင်ငံမှ အဆင့်မြင့် ဥပဒေ အရာရှိကြီးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက (၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများအစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်၌ ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ခဲ့သော် လည်း ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါပျံ့နှံ့မှုကြောင့် အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့သော အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ASLOM အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာနှင့် စီမံခန့်ခွဲရေးနယ်ပယ်များတွင် အပြန်အလှန်အကူအညီပေးရေးနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်ရေးကို  မြှင့်တင်ရန် ရည်ရွယ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံ အသီးသီး၏ ပိုမိုကောင်းမွန်သော ဥပဒေဆိုင်ရာပတ်ဝန်းကျင်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ASLOM ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း။

အာဆီယံဒေသတွင်းရှိ ဥပဒေပညာရှင်များ၏ အသိအမြင်အတွေ့အကြုံများဖလှယ်ခြင်းသည် ဥပဒေရေးရာ ကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအခန်းမှပါဝင်ပါကြောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေးနှင့် လူကုန်ကူးမှုကိစ္စရပ်များ စသည့် ဥပဒေနယ်ပယ်များတွင် ASLOM အနေဖြင့် ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ASLOM အစည်းအဝေးသည် အဓိကမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ASLOM ခေါင်းဆောင်များ၏ ကြိုးစားအားထုတ်မှုများကြောင့် အာဆီယံပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အကူအညီပေးရေး သဘော တူစာချုပ်နှင့် အာဆီယံတရားခံလွှဲပြောင်းရေး သဘောတူစာချုပ်တို့ ဖြစ်ပေါ်လာမှုကို ဂုဏ်ပြုပါကြောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေဆိုင်ရာ အပြန်အလှန်အကူအညီပေးရေးသည် ဒေသတွင်းဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက်သာမက အပြည်ပြည်ဆိုင်ရာဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက်ပါ အရေးကြီးပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦးက သဘာပတိ အဖြစ်ဆောင်ရွက်ပြီး ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေဆိုင်ရာ အပြန်အလှန်အကူအညီပေးရေး သဘော တူစာချုပ်နှင့် အာဆီယံတရားခံလွှဲပြောင်းရေးသဘောတူစာချုပ်တို့၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ ကုန်သွယ်ရေးဥပဒေ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပြစ်မှုတားဆီးကာကွယ်ရေးနှင့် ပြစ်မှုဆိုင်ရာတရားမျှတမှု၊ တရား စီရင်ရေးပူးပေါင်းဆောင်ရွက်မှု၊ တရားမနှင့်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဥပဒေဆိုင်ရာ အပြန် အလှန်အကူအညီပေးရေးနှင့် အာဆီယံဒေသတွင်း ဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)