Skip to main content

(၁၃) ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်အတွက် နိုင်ငံအဆင့်သုံးပွင့်ဆိုင် အကြို လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  အောက်တိုဘာ ၆

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (International Labour Organization-ILO) တို့ပူးပေါင်း၍ (၁၃) ကြိမ် မြောက်ရွှေ့ ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်း အစည်း အ‌ဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် Virtual Meeting ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီးဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျ သံရုံးမှ သံအမတ်ကြီး  Ms. Andrea Faulkner ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ ပူးပေါင်း ဆောင်ရွက်ရေးအကြီးအကဲ Ms. Eileen Stewart နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO- Yangon) မှ Liaison Officer Mr. Donglin Li ၊ ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့ မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UN/ INGO/ NGO မှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အရပ် ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံအဆင့်အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခင်ပြု လုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ် သမားဆိုင်ရာ အာဆီယံဖိုရမ်များ၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု ဖြစ်ပေါ်တိုးတက်မှုများကိုလေ့လာရန်၊ (၁၃) ကြိမ်မြောက် ရွှေ့ပြောင်း အလုပ်သမား ဆိုင်ရာအာဆီယံ ဖိုရမ်၏ခေါင်းစဉ်ဖြစ်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွား နေစဉ်အတွင်း ရွှေ့ပြောင်း အလုပ်သမားများကို ပံ့ပိုးကူညီပေးရန် အတူတကွ ပေါင်းစည်း၍ တုံ့ပြန်‌ ဆောင်ရွက်နိုင်သော အာဆီယံ အသိုက်အဝန်း နှင့်စပ်လျဉ်းပြီးဆွေးနွေးရန်၊ (၁၃) ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံ ဖိုရမ်သို့ တက်ရောက်မည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ထည့်သွင်းဆွေးနွေးနိုင်မည့် နိုင်ငံအဆင့် အကြံပြု ချက်များ မူကြမ်းရေး ဆွဲနိုင်ရန်နှင့် အတည်ပြု ချမှတ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း။

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ စိန်ခေါ်မှုများရင်ဆိုင်နေရပြီးကမ္ဘာ့လူနေမှုဘဝ ပုံစံပြောင်းလဲ လာကြောင်း၊ နိုင်ငံတော်တော်များများတွင် လူဝင်မှုကြီးကြပ်ရေးနှင့်စပ်လျဉ်းပြီး ပုံစံအမျိုးမျိုးဖြင့်ဗီဇာ သက်တမ်းတိုးပေးခဲ့သည့်အတွက်လုပ်သားအချို့အဆင်ပြေနိုင်သော်လည်းအများစုသည်အလုပ်အကိုင်စာချုပ် သက်တမ်းကုန်ဆုံးခြင်း၊ လုပ်သားအင်အားလျှော့ချခြင်း၊ စက်ရုံ/ အလုပ်ရုံ ပိတ်သိမ်းခြင်း၊ အလုပ်အကိုင် ဆုံးရှုံးရခြင်းတို့ကို ကြုံတွေ့နေရကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်‌ရောဂါ ကာလအတွင်း ပြည်ပတွင်ရောက် ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမား များသည် အခက်အခဲ အမျိုးမျိုးကြောင့် နေရပ်ပြန်လိုမှု၊ တရားမဝင် နေထိုင် လုပ်ကိုင်နေသူများ နေရပ်ပြန်လိုမှု၊ နေထိုင် စားသောက်ရေး အခက်အခဲဖြစ်နေမှုတို့နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ခန့်အပ်တာဝန်ပေးထားသည့် အလုပ်သမားသံအရာရှိများက သက်ဆိုင်ရာ မြန်မာသံရုံးနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ နေထိုင်ခွင့်နှင့်စပ်လျဉ်းသည့်အချက်များ၊ နေရပ် ပြန်ရာတွင် ဆောင်ရွက်ရမည့်အချက်များ၊ ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး သက်ဆိုင် ရာနိုင်ငံကချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကိုလူမှုကွန်ယှက်မှတစ်ဆင့် အလုပ် သမားများ သိရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့်ဝေ ပေးလျက်ရှိကြောင်း။

အကြပ်အတည်းကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားအများစုက လူမှုကာကွယ်စောင့် ရှောက်မှုမရရှိသည့် အတွက် ရေရှည်တွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံမှုရှိသည့် လွှဲပြောင်းရယူနိုင် သည့်လူမှု ကာကွယ် စောင့်ရှောက်မှုဖြစ်စေရေးနှင့်ပတ်သက်၍မူရင်းနိုင်ငံနှင့်လက်ခံ နိုင်ငံများအကြားညှိနှိုင်း ဆောင်ရွက် မှုများကို အမြန်ဆုံးပြုလုပ်သွားရန်လိုအပ်ကြောင်း။

ကိုဗစ်-၁၉ ၏ သက်ရောက်မှုသည် ကမ္ဘာတစ်ဝန်း အလုပ်သမားစျေးကွက် အပါအဝင် ကဏ္ဍ ပေါင်းစုံ အပေါ်သက်ရောက်မှုရှိခြင်းကြောင့် ရွှေ့ပြောင်းလုပ်သားများကို မူရင်းနိုင်ငံသို့ပြန်ရန် တွန်းအားဖြစ်စေပြီး မူရင်း နိုင်ငံသို့ပြန်သည့်အခါတွင် တားမြစ်ကန့်သတ်ချက်များစွာရှိနေ ကြောင်း၊ ယခုကာလတွင် တရားဝင် လမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် အစိုးရအချင်း ချင်းသာမက အရပ်ဖက် အဖွဲ့အစည်း၊ ပုဂ္ဂလိက အခန်းကဏ္ဍများနှင့် ချိတ်ဆက်ဆောင်ရွက် သွားရမည်ဖြစ် ကြောင်း၊ အချို့ နေရပ်ပြန် လုပ်သားများသည် ပြည်တွင်း၌ ဆက်လက်နေထိုင် လုပ်ကိုင်မည်ဖြစ်၍ နေရပ်ပြန် လုပ်သားများ မူရင်းနိုင်ငံ၏ အလုပ်သမားစျေး ကွက်များတွင်ပြန်လည် ပေါင်းစည်းနိုင်ရေး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်ရှာဖွေရန်၊ အလုပ်ရှင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှ လက်ခံရန် အလုပ် သမားများ၏ ကျွမ်းကျင်မှု အသိအမှတ်ပြု ရေးသည် အ‌ရေးကြီးပါကြောင်း၊  ရွှေ့ပြောင်း အလုပ်သမားများ အပါအဝင် လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရာတွင် ၎င်းတို့၏ Soft skills အတွက် ပါထည့်သွင်းစဉ်းစား ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ကျွမ်းကျင်မှုသင်ကြားရာတွင် သမားရိုးကျမဟုတ်သော နည်းလမ်းများကို အသုံးပြုသင်ကြား ပေးရန် လိုအပ် ကြောင်း ပြောကြား သည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျသံရုံးမှ သံအမတ်ကြီး Ms. Andrea Faulkner ၊ မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးမှ ပူးပေါင်းဆောင်ရွက်ရေးအကြီးအကဲ Ms. Eileen Stewart နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ (ILO- Yangon) မှ Liaison Officer Mr. Donglin Li တို့က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့်ကိုယ်စားလှယ်များက အစည်းအဝေးနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုချက်များရယူခြင်းများ ပြုလုပ်ခဲ့ပြီး ယခုအစည်း အဝေးမှ ရရှိလာသည့် ရလဒ်များကို ဗီယက်နမ်နိုင်ငံက ဦးဆောင် ပြုလုပ်မည့် (၁၃)ကြိမ်မြောက် ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အာဆီယံ ဖိုရမ်တွင် ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ်)