မော်လမြိုင် ဖေဖော်ဝါရီ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ် ဦးစီးမှူးများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
မွန်းလွဲပိုင်းတွင် သထုံခရိုင် ပေါ်တော်မူကျေးရွာသို့ ရောက်ရှိပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ဆောက်လုပ်ပြီးစီးဖွင့်လှစ်လျက်ရှိသော လူငယ်အလင်းရောင်စာကြည့်တိုက်၌ စာကြည့်တိုက်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာ စာကြည့်တိုက်ရှင်သန်တိုးတက်ရေး၊ လူငယ်များ အသိပညာဗဟုသုတလေ့လာရေး၊ မိဘဆရာများ ပူးပေါင်း၍ သားသမီးများကို ဗလငါးတန်ပြည့်ဝသူများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းသည်။
ယင်းနောက် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။
မွန်းလွဲပိုင်းတွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ချောင်းဆုံမြို့နယ် သက္ကောစံပြကျေးရွာ သုတစံအိမ်စာကြည့်တိုက်သို့ ရောက်ရှိပြီး တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ စာကြည့်တိုက်ရှင်သန်အောင်မြင်ရေး၊ အကျိုးရှိစေရေးနှင့် လူငယ်များ လူမှုဝန်ထမ်းကိစ္စများတွင် ပူးပေါင်းပါဝင်လာစေရေးတို့ကို ဆွေးနွေးမှာကြားကာ စာအုပ်စာစောင်များ လှူဒါန်းသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းကောင်းပီသစွာ နိုင်ငံတော်နှင့် ပြည်သူအကျိုးကို အလေးထားဆောင်ရွက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရေး၊ မိမိတို့၏ စာကြည့်တိုက်များတွင် စာဖတ်သူ၊ စာငှားသူများပြားပြီး လူငယ်များနှင့် ထိတွေ့ဆက်ဆံ၍ အသိပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ရေရှည်တည်တံ့ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို အလေးထားဆောင်ရွက်ရေး၊ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား ကျောင်းသူများ အချိန်အလဟဿမဖြစ်စေဘဲ အသိပညာဗဟုသုတပြန့်ပွားစေရေး၊ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများဖြင့် အကျိုးရှိအောင် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ရှေ့လုပ်ငန်းစဉ်နှင့်အညီ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအပေါ် အောင်မြင်အောင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရေးတို့ကို မှာကြားပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
သတင်းစဉ်